ကိလေသာ
‘လောက်’ များ ဝိုင်းကိုက်ခဲ၍ မလွတ်လပ်မှု၊ ဆာလောင်မွတ်သိပ် ကျပ်တည်းမှု
အဖြစ်ဆိုးကြီးတစ်ခုအောက်မှ အသက် ဘယ်လိုထွက်ရကောင်းမှန်းမသိ၊ ဘဝပေါင်းများစွာတို့၏ ရင်ခုန်သံတို့သည် တောက
ပြိတ္တာများပမာ။ ဤဘဝ မျက်စိမှိတ်၍ သေမင်းနှင့် စစ်ခင်းရာဝယ် သစ္စာလေးပါးနှင့် ပဋိစ္စသမုပ္ပါဒ်တရားဒေသနာ၊ ခန္ဓာ၏ဖြစ်စဉ် ပျက်စဉ်အကြောင်းနှင့် အကျိုးကိုမှ သိသွားပါလေစ။ ဉာဏ်တစ်ချက် အလင်းပေါက်ပြီးနှင့် အကျိုးကိုမှသိသွားလျှင် ရှာဖွေတင်ပြခွင့်တစ်ခု၏ ဘဝအမောများ ပြေကောင်း ပြေပါလိမ့်မည်။ အမှန်တရားသည် မိမိခန္ဓာကိုယ်အတွင်းမှာပင် ပုန်းခိုစက်နေပါ သည်။
မည်းမှောင်နေသော ကာလကြီးငယ် ဝိဇ္ဇာဉာဏ် ထွန်းလင်းလာပါလိမ့်မယ်။ အမှောင်ရှိလျှင် အလင်းရှိ၏။
မှန်ကန်သည့်
လွတ်လမ်းသည်ကား မဂ္ဂ (မဂ္ဂသစ္စာ) မဂ္ဂင်ရှစ်ပါးပင် ဖြစ်သည်။ ယင်းတို့မှာ မှန်သောအယူ၊ မှန်သောအကြံအစည်၊ မှန်သောစကားကိုဆိုခြင်း၊ မှန်သောအပြုအမှုကိုပြုခြင်း၊ မှန်သောအသက်မွေးခြင်း၊ မှန်သောအားထုတ်ခြင်း၊ မှန်သောအမှတ်ရခြင်းနှင့် မှန်သောတည်ကြည်ခြင်း တို့ဖြစ်သည်ဟု ယုံကြည်မိပါ၏။
ဒုက္ခဆင်းရဲခြင်း၊ သံသရာမှ လွတ်မြောက်၍ နိဗ္ဗာန်ရောက်ဖို့ရန် တဏှာ၊ လောဘ၊ ကိလေသာကို တစ်စထက်တစ်စ ပယ်ရှားလျက် မဂ္ဂရှစ်ပါးတည်းဟူသော အလင်းတန်းလမ်းကောင်းကြီးကိုသာ လိုက်မိသွားအောင် အသိတရားကောင်းစွာထား၍ ကြိုးစားအားထုတ်သင့်ကြသည်။ နိဗ္ဗာန်ဟူသည် လှူရုံ၊ တန်းရုံ၊ ဆုတောင်းနေရုံနှင့်မရနိုင်။
ဝိဇ္ဇာ
(ဥာဏ်) သိနှင့် စရဏ (ကျင့်ကြံမှု) ဟူသည့် ဝိပဿနာကျင့်ကြံမှသာ အထမြောက်မည်။ သားကျွေးမှု၊ မယားကျွေးမှုများနှင့် ဘဝအမောကြားဝယ် တောထွက်၍ အားတက်သရော မလိုက်ကြသေးသော်လည်း ပုထုဇဉ်အလျောက် အိမ်သုံးမဂ္ဂင်များဖြင့် အစားထိုးကျင့်ကြံအားထုတ်ခြင်းဖြင့် မိမိတို့၏ဥာဏ်စဉ် မြင့်မားလာကာ
နိဗ္ဗာန်ချမ်းသာသို့ တက်လှမ်းနိုင်ကြစေရန် ပိုမိုအာရုံစူးစိုက်သင့်ပါသည်။
မှန်ကန်သောအယူဆိုရာ၍ မည့်သည့်ကိစ္စ၌မဆို မိမိပြုသမျှကောင်းမှု၊ မကောင်းမှု ကံများသည် မိမိသဏ္ဍာန် အဖတ်တင်ကျန်ရစ်သည်။ နောက်အခါ အခွင့်သင့်လျှင် သင့်လို ကောင်းကျိုး မကောင်းကျိုး တွေ့ကြုံရမည်။ ရှောင်လွဲ၍မရပါ။ ကံ
ကံ၏အကျိုး၊ အကြောင်းတရားကြောင့် အကျိုးတရားကို နားလည်သောဉာဏ် ဖြစ်ပါစေ။ ဖြစ်ပျက်ပြီးသည့် ရုပ်နာမ်တရား
နှစ်ပါးပေါင်းစပ်၍ လူသတ္တဝါဟု
ဆိုအပ်သော ခန္ဓာကိုယ်၏ ဒုက္ခများစွာနှင့်မကင်းပုံကို ဆင်ခြင်၍ ခန္ဓာကိုယ်၏အပြစ်ကို မြင်အောင်ဝိပဿနာဉာဏ် ဖြစ်ပါစေ။
မှန်သောအကြံအစည်ဟုဆိုရာ၌ မိမိအတွက်ဖြစ်စေ၊ သူတစ်ပါးအတွက်ဖြစ်စေ၊ စိတ်သဘောထား ကြီးကြီးထား၍ အပြစ်မရှိဘဲ အကျိုးများမည့်အကြံကိုသာကြံပါ။ သူတစ်ပါး ပျက်စီးရာပျက်စီးကြောင်း အကြံ၊ ဆင်းရဲသွားမည့်အကြံကို မကြံလင့်။ မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရား လက်ကိုင်ထား၍ သနားပါ၊ ကူညီပါ၊ စောင့်ရှောက်ပါ။ တတ်နိုင်လျှင် မိမိလုပ်ငန်း၏ကိစ္စအဝဝကို ဖြတ်တောက်၍ တောထွက်၍ တရားကျင့်မည်ဟုကြံပါ။
မှန်သောစကားကိုဆိုခြင်းမှာ မိမိမှာဖြစ်စေ၊ သူများမှာဖြစ်စေ အကျိုးများမည့် စကားကိုသာပြောပါ။ မုသားစကား၊ ကြမ်းတမ်းသောစကား၊ အပျက် အပျော် အပြောင် အလှောင် မလိုမုန်းထား ကုန်းချောစကားနှင့် ရန်တိုက်စကားတို့ကို မပြောမိပါစေနှင့်။ အထူးရှောင်ကျဉ်ပါ။ အိပ်ရာဝင် အိပ်ရာထတို့၌ မိမိကျက်မှတ်ထားသော ပရိတ်တော်တရားစာများကို ရွတ်နိုင်လျှင် အကောင်းဆုံး၊ အမြတ်ဆုံးပင် ဖြစ်သည်။
မှန်သောအမှုကိုပြုခြင်းမှာ မိမိမှာဖြစ်စေ၊ သူတစ်ပါးမှာဖြစ်စေ အကျိုးရှိသော
အလုပ်များကိုသာ ပြုလုပ်မိပါစေ။ သတ်မှု၊ ခိုးမှု၊ မတရားမှု၊ အကြမ်းဖက်မှုစသော ကိုယ်နှင့်စပ်ဆိုင်ရာ မကောင်းမှုများကို မဖြစ်ပါစေနှင့်။ အိပ်ရာဝင် အိပ်ရာထ၌ တရား (သောက်တော်ရေ၊ ဆီမီး၊ ပန်း၊ နံသာကပ်) စသည်တို့ကို နေ့စဉ်ပြုလုပ်၍ ရတနာသုံးပါး၏ အကြည်ဓာတ်ကို ရယူရမည်ဖြစ်သည်။
မှန်သောအသက်မွေးခြင်းမှာ မိမိစားဝတ်နေရေး ရပ်တည်မှုအတွက် ဝမ်းစာရှာရာတွင်လည်းကောင်း ပစ္စည်းဥစ္စာရှာဖွေရာတွင်လည်းကောင်း အပြစ်ကင်းပါစေ။ သူတစ်ပါးမျက်ရည်ကျမှ မိမိဝမ်းဝမည့်အလုပ်ကို တစ်သက်လုံးရှောင်ကျဉ်ပါ။ စွမ်းနိုင်လျှင် ဆင်းရဲနွမ်းပါးသူများကို ကြည့်ရှုပါ။ ကူညီနိုင်သမျှ ပံ့ပိုးကူညီပါ။
မှန်သောအားထုတ်ခြင်းမှာ စီးပွားရှာရာ၌ဖြစ်စေ၊ ကုသိုလ်ကိစ္စ၌ဖြစ်စေ ဝီရိယအမြဲရှိပါစေ။ လောကီစီးပွားရေးဖြစ်စေ၊ သံသရာကြီးပွားရေးဖြစ်စေ၊ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့အရေးဖြစ်စေ ‘ကံစီမံသလိုဖြစ်လိမ့်မည်’ ဟု ကံတစ်ခုကို အားကိုး၍ မပြီးမြောက်၊ မလုံလောက်။ ရေလာမြောင်းပေးဆိုသကဲ့သို့ ဝီရိယဖြင့် ကူညီပေးမှသာ ရှေးကံတို့သည်အခွင့်သာက သင့်ရာအကျိုးကို ပေးပါမည်။
မှန်သောအမှတ်ရခြင်းတွင် နေ့စဉ်ပြုလုပ်နေကျဖြစ်သော ကုသိုလ်ကိစ္စကိုမမေ့ပါနှင့်၊ အမြဲသတိရပါစေ။ သေခါနီးတောင် ကုသိုလ်ကိစ္စ ကောင်းမှုပြုခြင်းများကို သတိရနေလျှင် မုချ ကောင်းရာသုဂတိသို့ ရောက်ရှိမည်သာတည်း။
မှန်သောတည်ကြည်ခြင်းမှာ စိတ်နေစိတ်ထားကောင်း၍ တည်ကြည်ပါ။ လိုက်နာကျင့်ကြံမှုသည် စကားပြောလည်း စဉ်းစဉ်းစားစား သတိထားလျက် တည်ကြည်စွာပြောပါ။ မျက်နှာအနေအထား ကိုယ်စိတ်နှလုံး အမူအရာ၊ အနေအထိုင် တည်ငြိမ်ကြည်လင်နေလျှင် မြင်ရသူလူအများက ခံ့ညားကြည်ညိုလျက်
(မျက်နှာထားမပုပ်ရ)တစ်မျိုး ကျက်သရေတိုးကာ ချစ်ခင်စရာဖြစ်လာပါလိမ့်မည်။
ဖော်ပြပါ
အချက်ကြီးရှစ်ချက်အား တိကျစွာ လိုက်နာကျင့်ကြံမှုသည် သုခချမ်းသာ အစစ်အမှန်ကို လက်ငင်းခံစားရမည်တည်း။ တရားသည် အဝေးကြီးသွားရှာနေစရာမလို ခန္ဓာကိုယ်မှာ ရှိနေပါသည်။ အိမ်မှာနေရင်း၊ စီးပွားရှာရင်း ဖြစ်နိုင်၊ ကျင့်ကြံနိုင်သော မဟာကုသိုလ် ပထမတန်းစား အိမ်သုံး၊ ရုံးသုံး မဂ္ဂင်ရှစ်ပါးမှ အဆင့်ဆင့်ချီတက်၍ ဈာန်မဂ်ဖိုလ်၊ မဂ္ဂင်များသို့ရောက်အောင် သမ္မာသတိ ကြီးမားစွာထားလျက် သမ္မာဝါယာမဖြင့် ကြိုးကြိုးစားစား အားထုတ်သင့်ပေသည်။ အိပ်ရာဝင်
အိပ်ရာထ၌ ဘုရား၊ တရား၊ သံဃာ အာရုံပြုရင်း ရတနာသုံးပါး ရှိခိုးရင်း၊ ပူဇော်ရင်း၊ ရေတော်၊ ပန်းတော်၊ ဆီမီးတော်၊ နံ့သာတိုင်ကပ်လှူခြင်း ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းတွင် မဂ္ဂင်ရှစ်ပါး ပါဝင်နေခြင်းကြောင့် နိဗ္ဗာန်ချမ်းသာမြတ်ကို စာသိမှတဆင့် ဉာဏ်သိဖြင့် ဉာဏ်စင်အဆင့် မြင့်မားလာကြစေရန် ကြိုးစားအားထုတ်ကြရပေမည်။

အစ်ကိုကြီးရေ ပညာတွေ ဆက်လက်ဝေမျှပါဦးနော်။ တကယ့်ကို တန်ဘိုးကြီးမားတဲ့ Post တွေပါဘဲ။
ReplyDelete