လူများစွာကို အုပ်ချုပ်နိုင်ရန်
မိမိကိုယ်ကို ဦးစွာ သည်းခံနိုင်စွမ်းရှိရမည်၊ ချုပ်တည်းနိုင်ရမည်။ အတွင်းတိုက်ပွဲကို
အောင်မြင်သူသည် မိမိကိုယ်ကို အစိုးရသူဖြစ်သည်။ မိမိကိုယ်ကို အစိုးရသူသည် လောကကြီးကို
အစိုးရနိုင်သည်။ သို့သော် ဆုံးဖြတ်ချက်တိုင်းသည်လည်း တရားနှင့်အညီ ရှိနေရမည်။ အတွင်းတိုက်ပွဲ၌
အရေးနိမ့်သူသည် ဦးစွာ မိမိကိုယ်ကိုပင် အစိုးမရနိုင်။ ထိုသူသည် လောကကို အဘယ်သို့ အစိုးရနိုင်မည်နည်း။
အတွင်းစစ်ပွဲကို တိုက်ခိုက်ခြင်းသည်
စိတ်ဓာတ်တန်ခိုး တိုးတက်ခြင်း၏ လမ်းစ၊ အလင်းတန်းဖြစ်လေရာ ထိုစစ်ပွဲကို တိုက်ခိုက်ခြင်းဖြင့်
မိမိတို့၏ Will Power များကို မြင့်တင်ကာ တစ်မျိုးသားလုံး၏ အမျိုးသားရေးစိတ်ဓာတ်များ
ပြန်လည်ရှင်သန်နိုးကြားမှုကို တည်ဆောက်ကြရာဝယ် သူ့အကျိုး ကိုယ့်အကျိုးထက် အများအကျိုးကို
ထမ်းဆောင်ခြင်းဖြင့် မိမိတို့ကိုယ်ကျိုးများပါ သန့်စင်စွာ တိုးပွားလာပေလိမ့်မည်။
စိတ်သည် လောကကို ကြီးစိုး၏။
အစိုးရ၏။ စိတ်တန်ခိုးကြီးမားသော ပုဂ္ဂိုလ်သည် လောကကို အစိုးရသောသူ ဖြစ်လေသည်။ သို့သော်
တရားသိသောသူနှင့် တရားမသိသောသူတို့တွင် စိတ်တန်ခိုးကြီးပုံခြင်း တူညီကြသော်လည်း ထွက်ရှိလာသည့်
ကောင်းကျိုး၊ ဆိုးကျိုးသည် မတူညီကြချေ။
ကမ္ဘာ့သမိုင်း၌ အဒေါ့ဖ်ဟစ်တလာသည်လည်းကောင်း၊
ချေဂွေဗားရားသည်လည်းကောင်း နှစ်ဦးစလုံး စိတ်တန်ခိုးကြီးမားကြသော်လည်း ဟစ်တလာသည် နာမည်ဆိုးနှင့်ကျန်ခဲ့သလို
ချေဂွေဗားရားဟုဆိုလျှင် လူသားတိုင်း၏ နှလုံးသားထဲတွင် ကမ္ဘာ့သူရဲကောင်းကြီးပမာ နာမည်သည်
ယနေ့တိုင် ထင်ရှားကျန်ရစ်ခဲ့သည်။ လောက၌ အသည်းမည်းသူ၊ အသည်းညစ်သူ၊ အသည်းငယ်သူ၊ အသည်းဖြူသူဟူ၍
ဟဒယ၌ ထင်စွဲနေပါသည်။ စိတ်တန်ခိုးသည် အမြဲတိုးတက်ကြီးမားစေရန် လေ့ကျင့်ပေးပါက ရပါသည်။
အတွင်းစစ်ပွဲကို တိုက်ခိုက်ခြင်းသည်
စိတ်တန်ခိုး တိုးတက်ခြင်း၏ နည်းလမ်းဖြစ်လေရာ အတွင်းတိုက်ပွဲများကို တိုက်ခိုက်ခြင်းဖြင့်
တန်ခိုးကြီးမားလာစေရန် လေ့ကျင့် ပြုစုပျိုးထောင်ခြင်းသည် မိမိတို့ တာဝန်ဖြစ်၏။
ဓမ္မဖြစ်စဉ်အရ လူတွင်
စိတ်နှင့်ရုပ်ရှိ၏၊ စိတ်တွင် တန်ခိုးရှိ၏။ ထိုစိတ်၏တန်ခိုးမှာ ရိုးနေသောကြောင့် မသိမမြင်ကြခြင်းပင်။
သတိမမူ ဂူမမြင်ကြပေ။ လူအများတို့သည် နောက်လိုက်ကောင်းသဖွယ် ထိုတန်ခိုးကို အစွမ်းကုန်
အသုံးမပြုကြပေ။ တိုတက်အောင်လည်း ဂရုမစိုက်ကြ။ ထိုမျှမက အမြဲလိုလို ထိုတန်ခိုးကို လျော့အောင်လုပ်ကြ၍
နေကြလေသည်။
ဘက်ထရီ၌ ကိန်းအောင်းနေသော
လျှပ်စစ်ဓာတ်အားကဲ့သို့ အချည်းအနှီးမဖြုန်းဘဲ သိုမှီးထား၍ လိုအပ်မှ ထုတ်သုံးခြင်းဖြစ်လျှင်
လွန်စွာအသုံးကျပေသည်။ အင်အားတန်ခိုးပြည့်နေသူတို့၏ ပြောစကားမှာ စူးရှပေါက်ရောက်၏။ ကြားသောနားသည်
ပါးပါးလေး လျင်မြန်ထက်မြက်၏။ ကြံစည်လုပ်ကိုင်ရာတွင် လျင်မြန်စွာ ပေါက်ရောက်အောင်မြင်သည်။
အတွင်းစစ်ပွဲကို အောင်နိုင်ခြင်းသည် ထိုအားတန်ခိုးကို တိုးတက်စေ၍ အတွင်းစစ်ပွဲရှုံးခြင်းသည်
ထိုအားတန်ခိုး ယိုဖိတ်စဉ်ခြင်း ဖြစ်သည်။ ဆင်ခြင်တုံတရားကို လက်ကိုင်ထားရမည်။
လူသည် ပထဝီ၊ အာပေါ၊
ဝါယော၊ တေဇောဟူသည့် ဓာတ်ကြီးလေးပါးဖြင့် ခန္ဓာကိုယ်တွင် ဖွဲ့စည်းထားသကဲ့သို့ မြေဓာတ်၊
ရေဓာတ်၊ လေဓာတ်၊ မီးဓာတ်တို့သည်လည်း ပြင်ပ၌ရှိသော ဓာတ်ကြီးလေးပါးဖြစ်၍ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု
ပေါင်းစုနေကြသည်။
သက်မဲ့ဖြစ်သော ကျောက်၊
သံ၊ သတ္တု၊ စိန်၊ ဆေး၊ ပြဒါးတို့သည်လည်း တစ်မျိုးနှင့်တစ်မျိုး တိုက်ခိုက်နေကြသည်။ တောတောင်
မြစ်ချောင်းတို့သည်လည်း ဥတုရာသီနှင့် တိုက်ခိုက်နေကြသည်။ ကုန်း ရေ လေ သတ္တဝါ၊ ပိုးမွှားမကျန်
သတ္တဝါလူအပေါင်းတို့သည်လည်း အမြဲရှင်သန်ရပ်တည်ရေးအတွက် လုပ်ဆောင်နေရသည်။
လောကကြီးသည် နိုင်ရာစားလောကကြီးဖြစ်၏ဟုဆိုသော်
မလွန်အံ့။ နိစ္စဓူဝ နေထွက်မှ နေဝင်အထိ အိပ်သောမျက်စိမှတပါး မရပ်မနား၊ မအားမလပ် မစဉ်မပြတ်
လုပ်ဆောင်လျက် အတော်ဆုံးသူသာ အသက်ရှင်လျက် ကျန်နေရ၏။
ဤသို့ ပြုမူကြရာတွင်
ဉာဏ်အား၊ ဝီရိယအား၊ ငွေကြေးဓနအား စသဖြင့် စိတ်အင်အားကြီးသူ၊ တန်ခိုးထွားသူက စိတ်အင်အားနည်းသူများအပေါ်
လွှမ်းမိုးအောင်နိုင်ခြင်းဖြင့် တက်သူက တက်၊ ကျသူက ကျ၊ ပေါ်သူက ပေါ်၊ ငုပ်သူက ငုပ်၊ ပြုတ်သူက
ပြုတ်၊ ပျက်သူက ပျက်ကာ ဘေးထွက်သူက ထွက်၊ လက်မှိုင်ချရခြင်းမှ ကင်းဝေးအောင် မိမိတို့စိတ်တန်ခိုးများကို
ဓားသွားသကဲ့သို့ အမြဲသွေးပေးနိုင်မှ တော်ကာကျပေသည်။
**********
လူသည် အလိုဆန္ဒရမ္မက်
စွဲလမ်းခြင်းများစွာနှင့် နေ့စဉ်တိုက်ပွဲဝင်နေရသည်။ မိမိတို့၏ စိတ်အလိုဆန္ဒကို အလိုလိုက်ခြင်းသည်
စိတ်တန်ခိုး လျော့နည်းခြင်းဖြစ်လေရာ လိုချင်တက်မက်မှုကိလေသာ၊ တဏှာဆန္ဒကို ထိန်းချုပ်ငြင်းဆန်ခြင်းဖြင့်
စိတ်တန်ခိုးထက်မြက်လာစေရန် လေ့ကျင့်မွေးမြူ၍ ရပါသည်။ ထိုလေ့ကျင့်ခန်းစစ်ပွဲ တိုက်ပွဲများသည်
အပိုသက်သက် ကိုယ်ခန္ဓာအား စမ်းသပ်သလို အချိန်ပိုထား လေ့ကျင့်ရသော စစ်ပွဲများမဟုတ်။ မည်သူမဆို
မိမိပြုနေကျ နေ့စဉ်အလုပ်များ၌ ထိုလေ့ကျင့်ခန်း စစ်ပွဲများနှင့် ကြုံတွေ့ရရာ ထိုစစ်ပွဲများကို
နိုင်အောင်တိုက်ခိုက်ခြင်းသည် စိတ်အားတန်ခိုးတက်ခြင်း ဖြစ်စေရုံသာမက လုပ်အားကောင်းခြင်း၊
စီးပွားဥစ္စာ တိုးတက်ခြင်း၊ အလုပ်၏ အောင်မြင်ကြီးပွားခြင်း၊ ဂုဏ်ကျက်သရေသြဇာ တိုးတက်ခြင်းများကိုပါ
လက်ငင်းဖြစ်စေပါသည်။
မိမိဘဝ မိမိသာ အရှင်သခင်ဖြစ်၍
စိတ်တန်ခိုးတိုးစေရန် ဤလေ့ကျင့်ခန်း တိုက်ပွဲများမှာ ယခု လေ့ကျင့်၊ ယခုချက်ချင်း အကျိုးရှိ၊
ခုရေတွင်းတူး ခုရေကြည်သောက်၊ ခုအပင်စိုက် ခုချက်ချင်းသီး၊ လက်ငင်းကြီးပွားတိုးတက်အောင်မြင်ခြင်း၏
အသီးအပွင့်ကို ခံစားရမည်ဖြစ်ရာ လောက၌ ဆင်းရဲဒုက္ခရောက်သူတို့မှာ ထိုသို့ မလုပ်ကြသောကြောင့်
ဖြစ်လေသည်။ အတွင်းအားလေ့ကျင့်ခန်းကို အောင်မြင်သူတို့အား လူဟူသမျှ လေးစားရိုသေရ၏။ ချစ်ခင်ပေါင်းသင်းကြ၏။
၎င်းတို့နှင့် တွေ့ရခြင်းကိုပင် အများက လိုလားတောင်းတကြသည်။ ၎င်းပုဂ္ဂိုလ်မျိုးသည် အများ၌မရှိသော
အနှစ်သာရများ မျက်နှာ၌ ထင်ပေါ်နေ၏။ တန်ခိုးအရှိန်အ၀ါ ကျက်သရေဂုဏ်အလင်းဖြင့် ၎င်းတို့၏မျက်နှာသည်
ထွန်းလင်းကြည်လင်လျက်ရှိသည်။ ၎င်းပုဂ္ဂိုလ်မျိုးသည် ပတ်ဝန်းကျင် ဖြစ်ခြင်း၊ ပျက်ခြင်းအကြောင်းတို့ကို အစိုးရ၍ နှိမ်နင်းနိုင်သောပုဂ္ဂိုလ်များ
ဖြစ်လေသည်။
လူအများတို့၏ အလိုဆန္ဒမှာ
ရေသာခို၊ အချောင်လိုက်၊ ရေလိုက်ငါးလိုက်၊ အခွင့်ထူးခံ၊ လေးကန်ထိုင်းမှိုင်း၍ တက်ကြွမှုမရှိ။
မလုပ်ချင်မကိုင်ချင်၊ သက်သက်သာသာ ထိုင်ရာမထ အစေအပါးဖြင့်သာ နေလိုကြ၍ စိတ်တန်ခိုးများသည်လည်း
လျော့ပါးကြရလေသည်။ ထိုင်ရာမထ ရေအိုးသို့ပင် မသွားချင်ဘဲ တစ်စုံတစ်ယောက်ကို အမိန့်ပေးချင်သည်။
မအားလပ်သောကြောင့် မဟုတ်၊ တမင်သက်သက် မထချင်သောကြောင့် ဖြစ်သည်။ ဤသို့ မကျင့်ဘဲ ကိုယ်တိုင်ထ၍
ခပ်၍သောက်ကြည့်ပါ။ ထိုသို့ ပြုမူဆုံးဖြတ်ခြင်းပင် မိမိ၌ စိတ်တန်ခိုးတိုးတက်လာပြီဟု
ယုံကြည်ရမည်။
ထမင်းဝပြီးနောက် တစ်လုတ်နှစ်လုတ်
ပို၍စားချင်သည့်စိတ်အား ချုပ်တည်း၍ တမင်သက်သက် မစားဘဲနေခြင်း၊ ကွမ်း၊ ဆေးလိပ်၊ စီးကရက်၊
အရက်၊ KTV၊ BEER၊ မိမိအလိုဆန္ဒရမ္မက်မီးများကို ချုပ်တည်းကာ စားချင်တိုင်းမစား၊ စားချင်ပါလျက်
ချုပ်တည်းခြင်း၊ ပြောချင်သောစကားတစ်ခုခု၊ သတင်းတစ်ခုခုကို မပြောဘဲ ချုပ်တည်းခြင်း၊
အပျော်အပါး လောင်းကစား၌ စိတ်အလိုမလိုက် ချုပ်တည်းခြင်း၊ သွားလာပြောဆိုရာ၌ မြန်ခြင်း၊
ပြာခြင်းမရှိဘဲ ဣနြေ္ဒနှင့်ပြည့်စုံရန် ချုပ်တည်းခြင်း၊ ချောမောလှပတောင့်တင်းသော ရူပါအဆင်းကို
မကြည့်ဘဲနေခြင်း၊ ဆူညံလှုပ်ရှား ၀ိုင်းအုံနေသော အရာတစ်ခုခုကို မကြည့်ဘဲနေခြင်း၊ အံ့သြတုန်လှုပ်မှုကင်းကာ
ထိန်းချုပ်နိုင်စွမ်းရှိခြင်းများသည် မိမိ အတွင်းတိုက်ပွဲ အောင်မြင်မှုအတွက် အားများပင်
ဖြစ်ကြလေသည်။
မနာလိုကုန်းချော၊
သူ့အကျိုးမရှိ၊ ကိုယ့်အကျိုးမရှိ ညဉ်းတွားငြိုငြင် ပူပင်သောစကား၊ အလဟဿ အတင်းအဖျင်း
မမှန်သတင်းစကားတို့ကို မပြောဆိုခြင်း၊ စိတ်ညစ်စရာ ဝမ်းသာစရာ လောကဓံနှင့်ကြုံလာပါက
မတုန်မလှုပ် မငြိုငြင် အေးဆေးတည်ငြိမ်စွာနေခြင်း၊ စိတ်ညစ်ဖွယ်ရာ စိတ်မချမ်းသာစရာများကို
အတွေးထဲမှ လျင်မြန်စွာ မောင်းထုတ်ရှောင်ရှားခြင်း၊ သန့်ရှင်း သပ်ရပ်ခန့်ညားစွာ ဝတ်ဆင်ခြင်း၊
မည်သူ့ကိုမဆို တွေ့ရသည့်အခါ ဝမ်းသာနွေးထွေးသောအသွင်ကို ရွှင်ပြကြည်လင်စွာ ပြတတ်ခြင်း၊
ဘယ်သောအခါမျှ မျက်နှာထားမဆိုးခြင်း၊ လောဘ ဒေါသ မောဟ အမုန်း မနာလိုစိတ်များ ပေါ်လာပါက
သတိဖြင့် ဖျောက်ဖျက်ခြင်း၊ မုန်းသူများအား ကောင်းကွက်၊ ချစ်စရာအချက်ကောင်းကလေးများရှာ၍
မေတ္တာစိတ်ထားခြင်း၊ မြှောက်ပင့်ခြင်းကို ရှောင်ရှား၍ အချက်ကျကျနှင့် စကားပြောနည်းခြင်းတို့
ပြုမူရမည်။
မိမိအရေးကိစ္စ အကောင်းအဆိုးတို့ကို
သူတစ်ထူးအား မမေးဘဲ မပြောအပ်ခြင်း၊ စကားပြောသည့်အခါ ပြောသူကို ဂရုစိုက်၍ နားထောင်ခြင်း၊
စိတ်မပျံ့လွင့်အောင် သတိဖြင့်နေခြင်း၊ နှုတ်ဖြင့် မပြောကောင်းသောအရာတို့ကို စိတ်၌မတွေးအပ်ခြင်း၊
လည်ချင်ပတ်ချင် သွားချင်လာချင်စိတ်ကို ထိန်းသိမ်းအပ်ခြင်း၊ အရိပ်အခြည်ကို သိခြင်း၊
တွေ့ကြုံပြောဆိုသမျှ လူများကို ဘယ်လိုလူ၊ ဘာသဘော၊ အဘယ်စကား၊ အဘယ်စိတ်နှင့်ပြောသည် စသည်ဖြင့်
အကဲခတ်ခြင်း၊ တွေ့ကြုံပြောဆိုသူတို့၏သဏ္ဍာန်၌ ထူးခြားချက် လက္ခဏာများကို အမှတ်တမဲ့မနေ၊
မှတ်သားခြင်း၊ လမ်း၌တွေ့ကြုံနှုတ်ဆက်သည့်အခါ အဟုတ်တကယ် စိတ်အားထက်သန် ချစ်ခင်လေးစား
ဂရုပြုခြင်းဖြင့် နှုတ်ဆက်ခြင်း၊ လက်ဆွဲနှုတ်ဆက်သည့်အခါ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်အပ်ခြင်း၊
အကြောင်းမရှိဘဲ သူ့အိမ်၊ အလုပ်ရုံသို့သွားပြီး သူ့အချိန်ကို ဖြုန်းသောအနေဖြင့် မနေအပ်ခြင်း၊
အတိတ်ကာလကို ပြန်လည်တွေးတောကာ စိတ်မကောင်းခြင်း၊ နှမြောခြင်း၊ နောင်တရခြင်းများကို
ရှောင်ရှားအပ်ခြင်း၊ နောင်ရေးကို တွေးတောပူပန်၍ မနေအပ်ခြင်း၊ စသဖြင့် မိမိတို့ဆန္ဒနှင့်ဘဝ
တစ်ထပ်တည်းကျကာ အောင်မြင်၍ မိမိတို့ဘဝတန်ဖိုးကို မြှင့်တင်ရင်း ကြီးကျယ်မြင့်မြတ်သောဘဝသို့
တက်လှမ်းနိုင်ရန် သည်းခံခြင်းဖြင့် ချုပ်တည်းပြီး မိမိတို့မျှော်မှန်းသော ပန်းတိုင်သို့
မိမိတို့စိတ်တန်ခိုးစွမ်းအားများကို အသုံးချကာ မိမိကိုယ်မိမိ စမ်းသပ်လေ့ကျင့်၍ ဘဝဟူသည်
တိုက်ပွဲ ဤတိုက်ပွဲတွင် စိတ်တန်ခိုးသည် အားတစ်ခုဖြစ်၍ အတွင်းတိုက်ပွဲကို အောင်မြင်ကျော်ဖြတ်လျက်
သရဖူဆောင်းနိုင်ကြပါစေ။

No comments:
Post a Comment