နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဟူသည်
နိုင်ငံတော်တစ်ရပ်မုချတည်ရှိနေမှသာ ယင်းအပေါ်မှီ၍ ပေါ်ပေါက်လာရခြင်းဖြစ်ပေသည်။ နိုင်ငံတော်တစ်ရပ်မရှိက
နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ပေါ်ပေါက်လာနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ကျွန်ုပ်တို့သည်
နိုင်ငံတော်အကြောင်းနှင့် နိုင်ငံတော်တစ်ရပ်ဖြစ်ပေါ်လာရေးအတွက် လိုအပ်သောအင်္ဂါရပ်များကို
မည်သည့်ဘက်မှဘက်မလိုက်ဘဲ သိရှိထားသင့်ပါသည်။
မည်သည့်အတွက် ဘက်မလိုက်ဘဲ သိရှိထားသင့်သည်မှာ တစ်ချို့သောဆောင်းပါးဆရာတို့သည် လက်ရှိအုပ်ချုပ်နေသည့် အစိုးရဘက်မှလိုက်၍ နိုင်ငံတော်နှင့်အစိုးရဟူသည်ကို ၎င်းတို့လိုရာဘက်သို့ဆွဲသွင်း၍ ပုံဖော်ကာဖော်ပြထားသည်ကို မှားယွင်းစွာတွေ့ရှိ၊ ဖတ်မိသောကြောင့် ဖြစ်လေသည်။ ထိုအခါ စာဖက်အားနည်းသောလူအများစုသည် အမှားကို အမှန်ထင်၍ အမှန်တရားနှင့်ကင်းဝေးသွားမည်ကို မလိုလား၍ ယခုကဲ့သို့ ရှာဖွေတင်ပြရခြင်းဖြစ်ပါသည်။
လူသည်အဖွဲ့အစည်းနှင့်နေတတ်သောသတ္တဝါဖြစ်သည်။ ကျွန်ုပ်တို့၏လူ့အဖွဲ့အစည်းကြီးကိုလည်း လူသားတစ်ဦးစီ အတူတကွပူးပေါင်းနေထိုင်ခြင်းဖြင့် ဖွဲ့စည်းထားပါသည်။ လူသားတစ်ဦးနှင့်တစ်ဦးပုံစံအမျိုးမျိုးဖြင့် ကူးလူးဆက်ဆံနေကြရသည်။ လူ၏နိုင်ငံရေးဘဝသည် သူ၏လူမှုရေးဘဝတစ်ခုလုံး၏ အစိတ်အပိုင်းငယ်တစ်ခုသာ ဖြစ်ပေသည်။ သို့ရာတွင် လူတိုင်းသည် နိုင်ငံတော်ဟူသော လူ့အဖွဲ့အစည်းကြီးအတွင်း၌ နေထိုင်လျက်ရှိကြသဖြင့် နိုင်ငံတော်အကြောင်းကို သိရှိရန်လိုအပ်ခြင်းဖြစ်ပေသည်။
နိုင်ငံတော်ဟူသည်ကား ရှေးဂရိခေတ်မှ မျက်မှောက်ခေတ်အထိ ပေါ်ပေါက်ခဲ့သော နိုင်ငံရေးသိပ္ပံပညာရှင်များနှင့်စာရေးဆရာများက ယင်းတို့၏ရှုဒေါင့်အမြင်အမျိုးမျိုးမှကြည့်၍ ပုံစံအမျိုးမျိုးဖြင့် အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြပါသည်။ အဓိပ္ပါယ်ဖွင့်ဆိုကြရာဝယ် အရင်းရှင်ဝါဒကို လက်ခံသည့်ပညာရှင်က အရင်းရှင်ဝါဒဘက်ကိုယိမ်းသောအတွေးအခေါ်ဖွင့်ဆိုကြ၍ ကွန်မြူနစ်ဝါဒကို လက်ခံသည့်ပညာရှင်ကလည်း ကွန်မြူနစ်ဝါဒဘက်ကိုယိမ်းသောအတွေးအခေါ်နှင့်ဖွင့်ဆိုကြသည်ကို တွေ့ရှိရပါသည်။
ရှေးဂရိတွေးခေါ်ပညာရှင်များ၏အဆိုအရမူ နိုင်ငံတော်ဟူသည်မှာ လူသားကဲ့သို့ပင် သဘာဝအရ ပေါက်ဖွားလာခြင်းဖြစ်၍ လူသားတို့၏အမြင့်ဆုံးသောဖြစ်ပေါ်တိုးတက်မှုပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်နှင့်လူသားသည် ခွဲခြား၍မရသော လူမှုရေးဘဝတစ်ရပ်ဖြစ်သည်။ နိုင်ငံတော်နှင့်လူသားတို့၏ စပ်ကြားတွင် ဆန့်ကျင်ဖက်အကျိုးစီးပွားဟူ၍မရှိ၊ တစ်ဦးချင်းလူပုဂ္ဂိုလ်အားလုံး ပါဝင်လှုပ်ရှားနေခြင်းသည်ပင် နိုင်ငံတော်၏ အသက်ဝင်လှုပ်ရှားနေခြင်း ဖြစ်၏။ ထိုသို့လှုပ်ရှားမှုတွင် အမြင့်မားဆုံးသော လူနေမှုဘဝမှာ နိုင်ငံရေးဖွဲ့စည်းခြင်းဖြစ်ပေါ်မှုပင်ဖြစ်သည်ဆို၏။
ဂရိတို့၏ ယင်းအယူအဆအရ နိုင်ငံတော်ဟူသည်မှာ လူတိုင်းက ခွဲခွာ၍မရအောင်ဖွဲ့စည်းထားသော အဆောက်အအုံဖြစ်၍ နိုင်ငံသားတိုင်းက နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်ရမည်ဟု ဆိုပေသည်။
ရောမအတွေးအခေါ်ပညာရှင်များကမူ လူပုဂ္ဂိုလ်နှင့်နိုင်ငံတော်ကို ခွဲခြား၍ တွေးတောခဲ့၏။ လူသည် မိမိ၏ အတိုင်းအတာအရ အခွင့်အရေးနှင့်တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန်ဖြစ်၍ နိုင်ငံတော်ကမူ အချုပ်အခြာအာဏာပိုင်ဖြစ်ပြီး တရားဥပဒေများကိုပြုလုပ်သည့်သူအဖြစ်ခံယူကြသည်။ နိုင်ငံတော်သည် လူမှုရေးတည်တန့်ခိုင်မြဲရန်အတွက် မရှိလျှင်မဖြစ်သောသဘာဝ၏အဆောက်အအုံတရပ်ဖြစ်သည်။ နိုင်ငံတော်သည် လူ့အဖွဲ့အစည်းအတွက်လိုအပ်သောတရားဥပဒေကို ပြဋ္ဌာန်းပေးသကဲ့သို့ လူတစ်ဦးခြင်းစီကလည်း ထိုတရားဥပဒေအတိုင်း လိုက်နာကျင့်ကြံရမည်ဟု တွေးခေါ်ခဲ့ကြပေသည်။
မည်သို့ပင်ဆိုစေကာမူ လူသားသည် မိမိတို့၏သမိုင်းတစ်လျှောက်လုံးတွင် မိမိတို့၏ လူနေမှုအဖွဲ့အစည်းကို အမျိုးမျိုးအဖုံဖုံ ဖွဲ့စည်းတည်ထောင်နေခဲ့ကြပါသည်။ ထိုအဖွဲ့အစည်းကို ကာလ၊ ဒေသနှင့် ပြောင်းလဲနေသောအခြေအနေအရ ပြင်ဆင်ဖွဲ့စည်းခဲ့ကြလေသည်။ ပုံသေကားချပ်ဟူသည် မရှိချေ။
လူတို့သည် မိမိတို့၏စားဝတ်နေရေးနှင့်အခြားလူမှုရေးရာများကို လုပ်ဆောင်ရန်အတွက်လည်းကောင်း၊ လူ့အဖွဲ့အစည်း၏ လူမှုဆက်ဆံရေး၊ ပဋိပက္ခဖြစ်မှုများကို ထိန်းသိမ်းကွပ်ကဲရန်အတွက်လည်းကောင်း နိုင်ငံတော်အာဏာတည်းဟူသော စီမံအုပ်ချုပ်မှုဆိုင်ရာ အခွင့်အာဏာရပ်ကြီးကို ဖွဲ့စည်းလာရပေသည်။ ထိုအာဏာကြီးကား လူ့အဖွဲ့အစည်းတခု၏ မိမိကံကြမ္မာကို မိမိဖန်တီးနိုင်အပ်သော နိုင်ငံတော်အာဏာကြီး ဖြစ်ပေတော့သည်။
ကမ္ဘာ့နိုင်ငံရေးအတွေးအခေါ်သမိုင်းအစဉ်အလာအရ တည်တည်တန့်တန့် စုစုစည်းစည်းဖြင့် နေထိုင်လာကြသော လူမျိုးစုံ (သို့) လူပေါင်းစု (သို့) လူ့အဖွဲ့အစည်းတစ်ရပ်၏ အချုပ်အခြာအာဏာ လွှမ်းတည်ရာ ပြန်နှံ့ရာဒေသကို ပထဝီဝင်နယ်နိမိတ်အရ သတ်မှတ်ထားသည့်အခါတွင် ထိုနယ်မြေဒေသကို တိုင်းပြည်(သို့)နိုင်ငံဟု ခေါ်ကြပေသည်။ တိုင်းပြည်သည် ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းမှုပုံသဏ္ဍာန်ဖြစ်၍ နိုင်ငံတော်သည် အချင်းချင်းကျေးဇူးပြုသောအားဖြင့် ဆက်စပ်လျက် ထိတွေ့နေသည်။ ထို့ကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်ကိုဖွဲ့စည်းရာတွင် တိုင်းပြည်တည်းဟူသော နေစရာ ပထဝီနယ်မြေဒေသနှင့်နိုင်ငံတော်အာဏာတည်းဟူသော အချုပ်အခြာအာဏာရပ်တို့ကိုပေါင်းစပ်ကာ ဖွဲ့စည်းထားခြင်းမည်၏။
တဖန်နိုင်ငံတော်ဟူသည် လူ့အဖွဲ့အစည်းတရပ်၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သော အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် ယင်းအချုပ်အခြာအာဏာရပ်၏ လွှမ်းတည်နေမှုပင်ဖြစ်ပေသည်။ သို့နှင့် တဆက်တည်းပင် သမိုင်းအစဉ်အလာနှင့် တည်တည်တန့်တန့် စုစုစည်းစည်းဖြင့် နေထိုင်မိကြသောလူမျိုးစု (သို့) လူပေါင်းစု (သို့) လူ့အဖွဲ့အစည်းတို့၏ အချုပ်အခြာအာဏာကို ပထဝီဝင်အရ နယ်နိမိတ်ပိုင်းခြားသတ်မှတ်ထားအပ်သောနယ်မြေဒေသတစ်ရပ်အား နိုင်ငံ(ဝါ) တိုင်းပြည်ဟု ဆို၏။
နိုင်ငံတော်ဟူသော သဘောသဏ္ဍာန်နှင့်တိုင်းပြည်(ဝါ)နိုင်ငံဟူသော အသွင်သဏ္ဍာန်နှစ်ခုသည် တစ်ခုနှင့် တစ်ခုဆက်စပ်နေ၏။ နိုင်ငံတော်သည် တိုင်းပြည်ရှိမှ တည်နေနိုင်သကဲ့သို့ တိုင်းပြည်သည်လည်း နိုင်ငံတော်ရှိမှ တည်နေနိုင်သည်။ တိုင်းပြည်နှင့်နိုင်ငံတော်ကို စကားအရာမျှသ ခွဲခြား၍ ရှိရမည်ဖြစ်သော်လည်း လက်တွေ့အရာမှာကား ခွဲခြား၍မရစကောင်းချေ။ အညမညဆက်စပ်လျက် အချင်းချင်း ကျေးဇူးပြုနေကြသည်။
လူတို့သည် လူ့အဖွဲ့စည်းကိုဖွဲ့စည်းရာတွင် တိုင်းပြည်ဟူသော နေစရာပထဝီနှင့်နိုင်ငံတည်းဟူသော အချုပ်အခြာအာဏာပိုင်ရပ်၏ လွှမ်းတည်နေမှုတို့ကိုပေါင်းစပ်ကာ ဖွဲ့စည်းကြ၏။ တိုင်းပြည်တည်းဟူသော နေစရာပထဝီမြေသည် ရုပ်ခန္ဓာ၏အသွင်သဏ္ဍာန်ဖြစ်၍ နိုင်ငံတော်တည်းဟူသော အချုပ်အခြာအာဏာလွှမ်းတည်နေမှုသည် နာမ်ခန္ဓာ၏သဘောသဏ္ဍာန်ပင် ဖြစ်သည်။
အမေရိကန်သမ္မတ ဝုဒရိုဝီလဆင် (Woodrow Wilson)ကမူ တိကျစွာ နယ်နမိတ်သတ်မှတ်ထားသော နယ်မြေဒေသတစ်ခုအတွင်း၌ လူမျိုးတစ်မျိုးက ဥပဒေအတွက် ဖွဲ့စည်းတည်ထောင်ထားခြင်းကို နိုင်ငံတော်ဟုခေါ်ဆိုကြောင်း ဖွင့်ဆိုခဲ့လေသည်။
မာ့က္ခ(စ်)ဝါဒီတို့၏အယူအဆအရမူ နိုင်ငံတော်ဟူသည် လူတန်းစားတစ်ရပ်က အခြားလူတန်းစားတစ်ရပ်ကို ဖိနှိပ်ချုပ်ချယ်သောယန္တရားတစ်ခုဖြစ်သည်။ ယင်းအယူအဆသည် လူတန်းစားကွဲပြားခြားနားမှုမှ နိုင်ငံတော်စတင်ပေါ်ပေါက်လာသည်ဟူသောအမြင်မှ ပေါက်ဖွားလာခြင်းဖြစ်သည်။ ဥပမာစစ်အာဏာရှင် လူတန်းစားတစ်ရပ်က ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေရေးဆွဲအတည်ပြုကာ ပြည်သူလူထုသည် ဖိနှိပ်ချုပ်ချယ်ခံ ယန္တရားကဲ့သို့ပင်ဖြစ်လေသည်။
လီနင်ကလည်း မာ့က္ခ(စ်)နှင့်အိန်ဂျယ်တို့၏ရေးသားချက်များကို ကိုးကား၍ရေးသားခဲ့သော နိုင်ငံတော်နှင့် တော်လှန်ရေးအမည်ရှိစာတန်းတွင် နိုင်ငံတော်နှင့်ပတ်သက်၍ အကျယ်တဝံ့ရှင်းလင်းဖော်ပြထားခဲ့ပေသည်။ လီနင်၏အယူအဆအရမူ နိုင်ငံရေးအာဏာဟူသည် လူတန်းစားတစ်ရပ်က အခြားလူတန်းစားတစ်ရပ်ကို အတင်းအကြပ်ပြုသည့်အရာဖြစ်သည်။ ယင်းသို့အတင်းအကြပ်ပြုရာတွင် နိုင်ငံတော်ကို ယန္တရားအဖြစ်အသုံးချသည်။ နိုင်ငံတော်သည် နိုင်ငံရေးအာဏာ၏ အသုံးခံကရိယာပင်ဖြစ်၍ လူ့ဘောင်လောကတိုးတက်ဖြစ်ပေါ်မှုအတွက် အရေးပါလှသည်ဟု ဖော်ပြခဲ့လေသည်။
နိုင်ငံတော်နှင့်ပတ်သက်၍ နိုင်ငံရေးသိပ္ပံပညာရှင်များနှင့်စာရေးဆရာများက ယင်းတို့၏ရှု့ဒေါင့်အမြင်အသီးသီးမည်သည့်ပုံစံနှင့်အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ထားခဲ့ကြသည်ဖြစ်စေ အဓိကလိုရင်းအချက်များကို စုစည်းကြည့်မည်ဆိုပါက နိုင်ငံတော်တစ်ရပ်တွင် အောက်ပါအင်္ဂါရပ်လေးမျိုးလိုအပ်ကြောင်း တွေ့ရှိရပေသည်။

၎င်းအင်္ဂါရပ်လေးမျိုးမှာ
-
(၁) လူဦးရေ
(၂) တိကျစွာနယ်နိမိတ်သတ်မှတ်ထားသော နယ်မြေဒေသ
(၃) အုပ်ချုပ်သောအစိုးရ
(၄) အချုပ်အခြာအာဏာတို့ ဖြစ်ပေသည်။
နိုင်ငံတော်ဟူသည်ကား အထက်ဖော်ပြပါအင်္ဂါရပ်လေးခု ပေါင်းစပ်မှုရှိမှသာလျှင် နိုင်ငံတော်ဟု ခေါ်တွင်ပေသည်။ ယင်းအင်္ဂါရပ်လေးခုအနက် တစ်ရပ်ရပ်ချို့ယွင်းနေခဲ့လျှင် နိုင်ငံတော်ဟု မခေါ်ဆိုနိုင်တော့ချေ။ တနည်းဆိုရလျှင် နိုင်ငံတော်ဟူသည် နယ်မြေဒေသလည်းမဟုတ်၊ ပြည်သူလည်းမဟုတ်၊ အစိုးရလည်းမဟုတ် နိုင်ငံတော်ဟူသည် ယင်းတို့အားလုံး၏အပေါင်းအစုသာလျှင်ဖြစ်ပြီး အချုပ်အခြာအာဏာကိုလည်း ပိုင်ဆိုင်ပေသည်။ ထို့ကြောင့် နိုင်ငံတော်ဟူသည် အတိအကျ နယ်နိမိတ်သတ်မှတ်ထားသော နယ်မြေဒေသတစ်ခုတွင် ပြင်ပချုပ်ကိုင်မှုကင်းသော အစိုးရတစ်ရပ်ထူထောင်ထားရှိလျက် လူများထာဝစဉ်အမြဲ စုဝေးနေထိုင်ရာနယ်မြေဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပေသည်။

နိုင်ငံတော်ဟူသည် အဖွဲ့အစည်းတစ်ရပ်ဖြစ်ရာ
နိုင်ငံတော်တစ်ရပ်တည်ထောင်ရန်အတွက် လူဦးရေ အချိုးအစားတစ်ရပ်ရှိရန် လိုအပ်ပေသည်။ လူဦးရေအချိုးအစားတစ်ရပ်မရှိသော
နယ်မြေဒေသတခုကို နိုင်ငံတော်ဟူ၍ မခေါ်ဆိုနိုင်ပေ။
(၂) တိကျစွာသတ်မှတ်ထားသော နယ်မြေဒေသ
(၂) တိကျစွာသတ်မှတ်ထားသော နယ်မြေဒေသ
တိကျစွာနယ်နိမိတ်သတ်မှတ်ထားသော
နယ်မြေဒေသမရှိလျှင် နိုင်ငံတော်ဟူ၍ မရှိနိုင်ချေ။ မျက်မှောက်ခေတ်နိုင်ငံတိုင်းတွင်
မိမိတို့နိုင်ငံ၏မြေဧရိယာအကျယ်အဝန်းကို တိကျစွာ တိုင်းတာမှတ်သားထားကြသည်။ ယင်းသို့
တိကျသောနယ်နိမိတ်သတ်မှတ်ထားခြင်းအားဖြင့် နယ်နိမိတ်နှင့်စပ်လျဉ်းပြီး နိုင်ငံအချင်းချင်း
အငြင်းပွားမှုများကို ပဋိပက္ခဖြစ်ပွားမှုများနှင့်ကင်း၍ နိုင်ငံတော်အစိုးရသည် မိမိ၏အချုပ်အခြာအာဏာပိုင်ဆိုင်ရာဒေသကို
လွယ်ကူစွာ သိရှိနိုင်ပေသည်။
အပြည်ပြည်ဆိုင်ရာအမြင်ဖြင့် သုံးသပ်ပါက ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် လူဦးရေ နည်းသည်ဖြစ်စေ (သို့) များသည်ဖြစ်စေ၊ နိုင်ငံကြီးသည်ဖြစ်စေ (သို့) ငယ်သည်ဖြစ်စေ အဆင့်အတန်းညီတူပင်ဖြစ်၏။ တနည်းအားဖြင့်ဆိုလျှင် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် ဥပဒေအရ အခွင့်အရေးညီတူပင်ဖြစ်သည်။

အုပ်ချုပ်သောအစိုးရသည်
နိုင်ငံတော်၏ အာဏာပိုင်အဖွဲ့အစည်းတခုဖြစ်သည်။ ယင်းသည် နိုင်ငံတော်သဘောဆန္ဒကို ဖော်ဆောင်ရသော
ယန္တရားတရပ်ဖြစ်၏။ နိုင်ငံတော်၏အရေးအရာများကို အစိုးရမှတဆင့် ဆောင်ရွက်ရပေသည်။
တိကျစွာ နယ်နိမိတ်သတ်မှတ်ထားသော
နယ်မြေဒေသပေါ်တွင်နေထိုင်သည့် လူထုတစ်ရပ်သည် နိုင်ငံရေး အဖွဲ့အစည်း (ပါတီ) တစ်ရပ်မဖွဲ့စည်းဘဲ
နိုင်ငံတော် မထူထောင်နိုင်ပေ။ ယင်းကဲ့သို့သော ပါတီနိုင်ငံရေးအဖွဲ့အစည်းသည် အမြဲမတည်နိုင်ဘဲ
အမျိုးမျိုးပြောင်းလဲမှုရှိသည်။ ထို့ကြောင့် အုပ်ချုပ်သော အစိုးရသည်လည်း ပြောင်းလဲလာရသည်။
အစိုရအဖွဲ့၏ အခြေခံလုပ်ငန်းတာဝန်များမှာလည်း နိုင်ငံတော်ငြိပ်ဝပ်ပိပြားရေး၊ လုံခြုံရေး၊ နိုင်ငံသားတို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတို့ တိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတစွာအုပ်ချုပ်ရေးတို့ပင်ဖြစ်သည်။ အစိုးရသည် ယင်းတာဝန်များကိုကျေပွန်ရန်အတွက် ဥပဒေ ပြုခြင်း အုပ်ချုပ်ခြင်းနှင့်တရားစီရင်ခြင်းတို့ကို ပြုလုပ်ကြရပေသည်။
(၄) အချုပ်အခြာအာဏာ

နိုင်ငံတော်၏ နောက်ဆုံးလိုအပ်သော
အင်္ဂါရပ်တခုမှာ အချုပ်အခြာအာဏာသည် နိုင်ငံတော်ကို အခြားလူမှုရေးအဖွဲ့အစည်းများနှင့် ခြားနားစေသောအင်္ဂါရပ်ဖြစ်သည်။
အခြားလူမှုရေးအဖွဲ့အစည်းများတွင် အချုပ်အခြာအာဏာဟူ၍ မရှိပေ။ ယင်းသည် နိုင်ငံတော်အတွက်
အရေးပါဆုံးသော အထွဋ်အထိပ်အင်္ဂါရပ် ဖြစ်သည်။
အချုပ်အခြာအာဏာဟူသည်မှာ နိုင်ငံတော်အတွင်းရှိ နိုင်ငံသားတိုင်းလိုက်နာရန် ဥပဒေရေးဆွဲ ပြဋ္ဌာန်းခွင့်ရှိခြင်း နိုင်ငံသားတို့အား ယင်းဥပဒေများနှင့်လျော်ညီစွာ အုပ်ချုပ်ပိုင်ခွင့်ရှိခြင်းနှင့်ဥပဒေ ချိုးဖောက်သူများနှင့်လျော်ညီစွာ အုပ်ချုပ်ပိုင်ခွင့်ရှိခြင်းတို့ပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဟူ၍ ကဏ္ဍသုံးရပ်ခွဲခြားထားခြင်း ဖြစ်သည်ဟု ဆိုပေသည်။
အချုပ်အခြာအာဏာတွင်လည်း ပြည်တွင်းအချုပ်အခြာအာဏာနှင့်ပြည်ပအချုပ်အခြာအာဏာဟူ၍ နှစ်မျိုးခွဲခြားထားရှိပြန်သည်။

ပြည်တွင်းအချုပ်အခြာအာဏာဟူသည်မှာ
နိုင်ငံတော်တစ်ရပ်အတွင်း၌ ပြိုင်ဘက်မရှိ အထွဋ်အထိပ် တန်ခိုးအာဏာဖြစ်သည်။ ပြည်ပအချုပ်အခြာအာဏာဟူသည်မှာ
နိုင်ငံတော်တစ်ရပ်အား ပြင်ပအချုပ်အခြာ အာဏာပိုင်နိုင်ငံတော်တို့က တန်းတူအနေဖြင့် အသိအမှတ်ပြုခြင်း
ဆက်ဆံခြင်းကိုခေါ်ပေသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအချုပ်အခြာအာဏာကို နှစ်ပိုင်းခွဲ၍ ဥပဒေဆိုင်ရာ အချုပ်အခြာ အာဏာနှင့်နိုင်ငံရေးအချုပ်အခြာအာဏာဟုလည်း ခွဲခြားထားသည်။
ဥပဒေဆိုင်ရာ အချုပ်အခြာအာဏာတွင် အစိုးရက လက်တွေ့တကယ် ကျင့်သုံးလျက်ရှိသော အချုပ်အခြာအာဏာပါဝင်ပေသည်။ နိုင်ငံတော်အချုပ်အခြာအာဏာတွင် မဲဆန္ဒရှင်လူထု၏ လက်ဝယ်ရှိသော လျှို့ဝှက်မဲဆန္ဒပေးနိုင်သည့် အာဏာပါဝင်ပေသည်။
ဤသည်တို့သည်ကား နိုင်ငံတော်တည်း။

အခြေခံဥပဒေဟူသည်ကား
ဥပဒေပညာ လေ့လာလိုက်စားသူများ
နိုင်ငံရေးလေ့လာသူများနှင့်ပြည်သူလူထုတရပ်လုံးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဘာသာရပ်ကို
လေ့လာလိုက်စားမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်တည်ငြိမ်အေးချမ်း မည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်
ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံအတွင်း ဥပဒေများ၏ အထွဋ်အခေါင် ကျောရိုးမဏ္ဍိုင်ဥပဒေဖြစ်သောကြောင့်ဖြစ်၏။
နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာခြင်းအားဖြင့် ယင်းနိုင်ငံ၏ နိုင်ငံတော်တည်ဆောက်မှုပုံစံ၊
နိုင်ငံရေးအခြေခံမှု၊ စီးပွားရေးအခြေခံမှု၊ နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းများ၏ အနေအထား၊
နိုင်ငံတော်အဖွဲ့အစည်းများနှင့် ပြည်သူလူထု ဆက်သွယ်ရေးအနေအထားစသည့်အခြေခံအချက်များကို
သိရှိနိုင်ပါသည်။
နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ၏ သဘောအဓိပ္ပါယ်

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင်
ရေးဆွဲထားသည်ဖြစ်စေ၊ ရေးဆွဲမထားသည်ဖြစ်စေ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေရှိကြပေသည်။
နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေမရှိသောနိုင်ငံတော်ဟူ၍ ရှိရန်အလွန်ပင် ခဲယဉ်းလှပေသည်။
နိုင်ငံတစ်ခု၌ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေသည် အရေးကြီးဆုံးပင်မဥပဒေဖြစ်သည်။
နိုင်ငံတော်ဖွဲ့စည်းတည်ရှိမှုကို နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေက ဖန်တီးသည်မဟုတ်သော်လည်း နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံဖွဲ့စည်းတည်ရှိမှု၏ သရုပ်ဖော်ချက်တစ်ရပ်ဖြစ်ပေသည်။ ထို့ကြောင့် နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဟူ၍ တိကျစွာရေးသား၍ သတ်မှတ်ပြဋ္ဌာန်းခြင်းမရှိသော နိုင်ငံတော်သည် နိုင်ငံတော်မမည်ဟူ၍ အဓိပ္ပါယ် မသက်ရောက်ချေ။ နိုင်ငံတော်တိုင်းသည် ယင်း၏တည်ရှိမှုနှင့် ယင်း၏ အစိုးရစနစ်ကို ဖော်ညွှန်းသည့်အခြေခံမှုများရှိကြသည်ချည်းဖြစ်သည်။ ယင်းသဘောအရ နိုင်ငံတော်တိုင်း တွင် နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေရှိသည်ချည်းဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
နိုင်ငံတစ်ခုသည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်လာကြသောအခါတွင် မိမိနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ယန္တရားတို့ကို တရားဝင်စနစ်တကျ လည်ပတ်နိုင်ရေးနှင့်နိုင်ငံတိုင်းက သိရှိရေးအတွက် နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းရပေသည်။
ထိုသို့ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းရာတွင် မိမိနိုင်ငံ၏ ပထဝီဝင်အနေအထား ယဉ်ကျေးမှုဓလေ့ထုံးစံ၊ နိုင်ငံအတွင်း၌ နေထိုင်သောလူမျိုးစု အခြေအနေ၊ လူမှုရေး၊ ဘာသာရေး၊ စီးပွားရေး နိုင်ငံရေးစသည်တို့နှင့် အတတ်နိုင်ဆုံး အံဝင်ဂွင်ကျဖြစ်အောင် စနစ်တကျ ရေးဆွဲကြရပေသည်။ ယင်းအချက်များနှင့်အံဝင်ဂွင်ကျဖြစ်သည်နှင့်အမျှ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် သက်တမ်းမှာ အဓွန့်ရှည်ကြာမှုရှိပေသည်။
အထက်ပါ အချက်များတွင် နိုင်ငံတစ်ခုနှင့်တစ်ခု မတူညီကြသဖြင့် နိုင်ငံတစ်ခု၏ နိုင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေသည် အခြားနိုင်ငံတစ်ခု၏ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကွဲပြားခြားနားမှု ရှိကြပေသည်။ ထို့ကြောင့် အချို့နိုင်ငံများ၏ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေသည် ကျန်အခြားနိုင်ငံများ၏ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေထက် ပိုမိုပြတ်သား၍ တိုးတက်နေလိမ့်မည်ဖြစ်သည်။
နိုင်ငံတစ်ခု၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ယင်းနိုင်ငံ၏ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှ ပေါက်ဖွားလာသော သမိုင်းရလာဒ်တခုပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေသည် ယင်းနိုင်ငံဖြတ်သန်းလာရသော နိုင်ငံရေးသမိုင်းကြောင်းကို ရောင်ပြန်ဟပ်စမြဲဖြစ်နေသည်။ ထို့အတွက်ကြောင့် နာဂစ်မုန်တိုင်း တိုက်အပြီး (၂ဝ)ရက်အကြာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်မှတ်ထိုးအတည်ပြုပြဋ္ဌာန်းခဲ့သော အခြေခံဥပဒေနှင့်ပတ်သတ်၍ ယနေ့ပြည်သူလူထုတစ်ရပ်လုံး အသက်သွေးချွေးနှင့်ပေးဆပ်ခဲ့ရသော နိုင်ငံရေးသမိုင်းကြောင်းသည် လုံဝရောင်ပြန်ဟပ်ခြင်းမရှိသည့်အပြင် အခြေခံဥပဒေကိုပင် ပြန်လည်ပြင်ဆင်ရေးအတွက် ခက်ခဲလွန်းအောင်ပြုလုပ်ထားခြင်းစသောအချက်များက စစ်မှန်သော ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့်အတွက် တိုင်းရင်သားပြည်သူလူထုတစ်ရပ်လုး၏ ဘဝအာမခံချက် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ကံကြမ္မာကို မိမိဖန်တီးနိုင်စွမ်းမရှိခြင်းကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် အုံးအုံးကျွတ်ကျွတ် ပြင်ဆင်နိုင်ရန်သော်လည်းကောင်း၊ အသစ်တဖန် ပြန်လည် ရေးဆွဲရန်သော်လည်းကောင်း ဆန္ဒပြုနေကြခြင်းဖြစ်ပေသည်။
နိုင်ငံတစ်ခုတွင် ဆင်နွဲခဲ့သော တော်လှန်ရေးတစ်ရပ်တွင် ဥပဒေအရင်းရှင်တို့အနိုင်ရရှိပါက ထိုနိုင်ငံတွင် အရင်းရှင်စီးပွားရေးစနစ်ကိုအားပေးသော အရင်းရှင်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို မွေးဖွားပေး၍ ဆိုရှယ်လစ်ဝါဒီတို့က အနိုင်ရခဲ့လျှင် ထိုတော်လှန်ရေးသည် ဆိုရှယ်လစ်စနစ်ကိုအခြေခံသော ဆိုရှယ်လစ်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို မွေးဖွားပေးလေသည်။ ဆိုရှယ်လစ်ဒီမိုကရက်များ ဦးဆောင်ရေးဆွဲသော နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများမှာမူ ဆိုရှယ်လစ်တစ်ပိုင်း၊ အရင်းရှင်တစ်ပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုံစံမျိုးဖြစ်တတ်ပေသည်။ ယင်းသို့ ဆိုရှယ်ဒီမိုကရက်များက ရေးဆွဲပြဋ္ဌာန်းသော နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများသည် အပေါ်ယံအားဖြင့် ဆိုရှယ်လစ်အသွေးအရောင်သန်းလျက်ရှိပြီး အခြေခံအားဖြင့် အရင်းရှင်စနစ်ကို အလေးပေးထားသည်ကိုတွေ့ရှိရမည်ဖြစ်ပေသည်။
ထို့ကြောင့် ယင်းကဲ့သို့သော နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေမျိုးတွင် ဆိုရှယ်လစ်အင်္ဂါရပ် အနည်းအကျဉ်းသာပါရှိပြီး အဓိကသော့ချက် အခန်းကဏ္ဍများတွင်မူ အရင်းရှင်စီးပွားရေးစနစ်နှင့် အရင်းရှင် အုပ်ချုပ်ရေးယန္တရားဘက်မှသာ သိသာထင်းရှားစွာ ဘက်လိုက်၍ရေးဆွဲထားကြောင်း တွေ့ရှိရမည် ဖြစ်ပေသည်။
ထို့အတွက်ကြောင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးသည် မိမိကံကြမ္မာကို မိမိဖန်တီးနိုင်ရန် နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ရာတွင် ဥပဒေရှု့ဒေါင့်အမြင်တစ်ခုတည်းမှ ဝေဖန်သုံးသပ်ရုံဖြင့် မပြည့်စုံဘဲ နိုင်ငံရေးအမြင်ဖြင့်ပါပေါင်းစပ်၍ လေ့လာသုံးသပ်မှသာလျှင် ပြည့်စုံနိုင်မည်ဖြစ်သည်။ တရား ဥပဒေအထက်တွင် မည်သူမျှမရှိစေရဟု ဆိုနေကြသော်လည်း ထိုတရားဥပေဒကို လူသားများပညာရှိများ၊ ဥပဒေအကြံပေးပညာရှင်များက ပြုစုရေးဆွဲထားခြင်းကြောင့် အဘိဓမ္မာဆရာကြီးကွန်စူးရုပ်၏အလိုအရ “အုပ်ချုပ်မှုတွင် တရားဥပဒေထက် လူကိုပို၍ အလေးထားဂရုပြုရမည်” အဘယ်ကြောင့်ဆိုသော် လူသည် တရားဥပဒေကိုပြုလုပ်၍ ၎င်း၏အရှင်သခင်ဖြစ်သောကြောင့်သတည်းဟု ဆိုထားပြန်သည်။
ထို့ကြောင့် နိုင်ငံရေးရှုဒေါင့်မှ ရှုမြင်သုံးသပ်ပါက နိုင်ငံတစ်ခု၏ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေသည် ယင်းနိုင်ငံ၏ အုပ်ချုပ်မှုယန္တရားဥပဒေပြုရေးနှင့်တရားစီရင်ရေုးတို့သည် ပြည်သူလူထု၏ ကျမ်းသစ္စာ ကျိန်ဆိုမှုဥပဒေ (Charter Lath) ကို ကြွေးကြော်ကြေငြာလိုက်သည်မှာကား မြန်မာတစ်မျိုးသားလုံးအတွက် အခြေခံကျသော ဥပဒေသာတည်း။ ထိုဥပဒေကား အနာဂတ်ပြုပြင်ပြောင်းလဲရေးများအတွက် အခြေအနေ သဘာဝကို ဖော်ပြအပ်သော အများဆန္ဒပြည်သူလူထု၏ ပိဋိညာဉ်တည်း။
လူထုကိုယ်စားလှယ်များက တိုင်ပင်ကြံဆဆုံးဖြတ်ဆောင်ရွက်နိုင်သော လူထုလွှတ်တော်သည် ၎င်းလူတစ်ဦး အလုံးစုံအားလုံးတို့၏ အခွင့်အရေးရကြဘို့ အာမခံခြင်းသည်၎င်း၊ နိုင်ငံတော်၏ အခြေခံ အုတ်မြစ်များကို တည်ဆောက်ခြင်းများသည် ပြည်သူလူထု၏ ရင်ထဲမှဆန္ဒများသာ ဖြစ်ကြ၍ လူထုဆန္ဒနှင့် ကိုက်ညီမည့်ခေါင်းဆောင်ကောင်းရွေးချယ်မှုမှအစ ပြည်သူလူထု၏ဆုံးဖြတ်ချက်သာ တရားဝင်ဖြစ်သင့်လေသည်။
ထို့ကြောင့် နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံရှိဥပဒေများ၏ ကျောရိုးမဏ္ဍိုင်ဥပဒေပင် ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိ အချို့နိုင်ငံများက အခြေခံဥပဒေ (Basic law)ဟူ၍ ခေါ်ဝေါ်သုံးစွဲကြသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ သဘောအဓိပ္ပါယ်ကို ရှေးဂရိခေတ်မှ ယနေ့ခေတ်တိုင် နိုင်ငံရေးသိပ္ပံပညာရှင်များနှင့် ဥပဒေပညာရှင်အများအပြားက မိမိတို့၏အမြင်အသီးသီးဖြင့် ဖော်ထုတ် ရေးသားခဲ့ကြလေသည်။
၎င်းနိုင်ငံရေးသိပ္ပံပညာရှင်များအနက်‘အရစ္စတိုတယ်’က အခြေခံဥပဒေသည် နိုင်ငံ၏အချုပ်အခြာ အာဏာများကို စီစဉ်ဖော်ပြထားခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ယင်း၏သဘောအရ အခြေခံဥပဒေသည် အုပ်ချုပ်သူလူတန်းစားနှင့်အုပ်ချုပ်ခံလူတန်းစားတို့အား ထိန်းချုပ်စီမံထားချက်တစ်ရပ်ဖြစ်၍ တရားမဲ့သော အုပ်ချုပ်ရေးစနစ်ကို ပယ်ဖျက်ထားခြင်းဖြစ်သည်ဟု ဆို၏။
နိုင်ငံရေးသိပ္ပံပညာရှင်တစ်ယောက်တစ်မျိုး ဆယ်ပေါက်ရှိဆယ်မျိုး အမျိုးမျိုးဖော်ပြကြသည်မှာ `လော့ဘရိုက်(စ်)’ ကမူ အခြေခံဥပဒေသည် တရားဥပဒေများအရ ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံရေး အဖွဲ့အစည်း၏ စည်းကမ်းဘောင်ပင်ဖြစ်သည်ဆို၏။
နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပါရဂူတဦးဖြစ်သူ `ဒိုင်စီ’ ကမူ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဟူသည် နိုင်ငံအတွင်းရှိ အချုပ်အခြာအာဏာများကို ခွဲဝေပိုင်းခြားထားပုံနှင့် လုပ်ကိုင်ဆောင်ရွက်ပုံဥပဒေများမှ ပေါ်ထွက်လာခြင်းဖြစ်သည်ဟု ဖော်ပြထားခဲ့ပြန်သည်။
ဥပဒေပညာရှင် `အော်စတင်’ ကမူ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေသည် အာဏာပိုင်အစိုး၏ ဖွဲ့စည်း တည်ဆောက်မှု ပုံသဏ္ဍာန်ကို သတ်မှတ်ပေးခြင်းဖြစ်သည်ဟု ဆိုပေသည်။
နာမည်ကျော်အင်္ဂလိပ်လူမျိုး၊ နိုင်ငံရေးသိပ္ပံစာရေးဆရာ `လူဝစ်´ကလည်း နိုင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေသည် နိုင်ငံတစ်ခုအတွင်း၌ အချုပ်အခြာအာဏာစီစဉ်ဆောင်ရွက်ပုံနှင့် ခွဲဝေကျင့်သုံးပုံကို ဖော်ပြခြင်း ဖြစ်သည်ဟု ဆိုပေသည်။
အချို့ကမူ နိုင်ငံတော်အမျိုးအစားနှင့် နိုင်ငံတော်ပုံသဏ္ဍာန်ကိုပြဋ္ဌာန်းသော ပင်မအခြေခံမှုများကို နိုင်ငံဖွဲ့စည်ပုံအခြေခံဥပဒေဟုခေါ်ဆိုကြသည်။
တချို့ကလဲ နိုင်ငံဖွဲ့စည်းပုံဥပဒေဟူသည် နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်ပုံစနစ်နှင့်အုပ်ချုပ်သူတို့၏ တာဝန်ဝတ္တရားများကို ပိုင်းခြားပြသသောဥပဒေဖြစ်သည်ဟု ဖွင့်ဆိုကြပြန်သည်။
နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ၏ သဘောအဓိပ္ပါယ်ကို နိုင်ငံရေးသိပ္ပံပညာရှင်များနှင့်ဥပဒေပညာရှင်များက မိမိတို့၏ ရှုဒေါင့်အသီးသီးမှ မည်သည့်ပုံစံဖြင့် ဖော်ထုတ်တင်ပြကြသည်ဖြစ်စေ ၎င်း၏လိုရင်းအနစ်သာရကို ချုပ်ကိုင်လိုက်မည်ဆိုပါက နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာများ ခွဲဝေပိုင်းခြားထားပုံ၊ အစိုးရ၏ တည်ဆောက်ပုံယန္တရား၊ ယင်းအစိုးရကို မည်သို့မည်ပုံ ရွေးချယ် တင်မြောက်ပုံစနစ်၊ ယင်းအစိုးရနှင့်ပြည်သူတို့ ဆက်သွယ်ပုံ၊ နိုင်ငံ၏စီးပွားရေးအခြေအနေ၊ အုပ်ချုပ်ရေးဌာန၊ဥပဒေပြုရေးဌာနနှင့်တရားစီရင်ရေးဌာနသုံးခုတို့၏ဖွဲ့စည်းတည်ဆောက်ပုံအနေအထားနှင့်လုပ်ငန်းများ၊နိုင်ငံခြားဆက်သွယ်မှု၊ နိုင်ငံ၏ယုံကြည်ချက်၊ ခံယူချက်များ၊ နိုင်ငံသားတို့၏ အခွင့်အရေးအာမခံတာဝန်များ၊ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပုံပြင်ဆင်နည်းများစသည်တို့ကို တရားဝင်ရေးဆွဲပြဋ္ဌာန်းထားသော အခြေခံစာတန်းကြီးတစ်ရပ်ပင်ဖြစ်ပေသည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေသည် ယင်းနိုင်ငံ၏ ကြေးပုံပြင်ပင်ဖြစ်သည်ဟူ၍ ခေါ်စမှတ်ပြုကြသည်။
နိုင်ငံတစ်ခုတွင် ဖွဲ့စည်းပုံများပြောင်းလဲသွားတိုင်း ယင်းနိုင်ငံရှိ လူ့အဖွဲ့အစည်းတွင် အုပ်ချုပ်သူလူတန်းစားပြောင်းလဲသွားရသည်ဟု တစ်ထစ်ချ မဆိုနိုင်ကြချေ။ တချို့ဖြစ်ရပ်များတွင် နိုင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေပြောင်းလဲသွားခြင်းနှင့်အတူ အုပ်ချုပ်သူလူတန်းစား အပြောင်းအလဲရှိတတ်သော်လည်း တချို့ဖြစ်ရပ်များတွင်မူကား နိုင်ငံဖွဲ့စည်းပုံများစွာပြောင်းလဲခဲ့ပြီးဖြစ်သော်လည်း အုပ်ချုပ်သူလူတန်းစားပြောင်းလဲမှုမရှိသည်ကိုတွေ့ရှိရပါသည်။ မြန်မာနိုင်ငံသည်လည်း စစ်အာဏာရှင်စစ်အစိုးရတက်လာပြီး အခြေခံဥပဒေနှစ်ခုသာ ပြောင်းလဲခဲ့သည်။ လူများသည် မပြောင်းလဲပေ။ စစ်ယူနီဖောင်းချွတ်၍ အရပ်ဝတ်လဲကာ စစ်ဗိုလ်ချုပ်ကြီးများပင် ဆက်လက်အုပ်ချုပ်နေသည်မဟုတ်တုံ။
သမိုင်းဖြစ်စဉ်များအရလဲ အုပ်ချုပ်သူလူတန်းစားတစ်ရပ်၏လက်ထက်မှာပင် နိုင်ငံဖွဲ့စည်း ဖွဲ့စည်းပုံ မြောက်များစွာ ပြောင်းလဲလာခဲ့သည်ကို တွေ့ရှိရသည်။ ယင်းအချက်ကို `ပါမောက္ခမာဆဲ(လ်)ပရိလော့´က ဥပမာတစ်ခုပေး၍ ထောက်ပြခဲ့သည်။ ယင်းအရ ပြင်သစ်နိုင်ငံတွင် AD 1783 မှ AD 1946 အတွင်း နိုင်ငံ ဖွဲ့စည်းပုံ ၁၄ခု ဆက်တိုက်ပြောင်းလဲလာခဲ့သည်။ သို့သော် ဘူဇွာလူတန်းစားကသာ ယင်းကာလအပိုင်းအခြားတလျှောက်လုံးတွင် နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့ကြသည်ဟု သူကဖော်ပြခဲ့သည်။ ဆိုဗီယက်နိုင်ငံတွင်လည်း AD 1924 မှ AD 1936 ကာလအပိုင်းအခြားအတွင်း၌ နိုင်ငံဖွဲ့စည်းပုံ နှစ်ခုပြောင်းလဲခဲ့သော်လည်း နိုင်ငံတော်အာဏာကို လုပ်သားပြည်သူများက ထိန်သိမ်းထားခဲ့ပေသည်။
ဤသည်တို့မှာ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနစ်သာရ သဘောအဓိပ္ပါယ်တို့တည်း။