Thursday, September 5, 2013

စိတ်ဓာတ်တည်ငြိမ်ရင့်ကျက်ပါ


လောကတွင် အောင်မြင်နေသူတို့ကား စိတ်ဓာတ်တည်ငြိမ် ရင့်ကျက်ခိုင်မာသူများဖြစ်သည်။ လောကဓံ၏ အထုအထောင်း၊ အပုတ်အခက်တို့ကို အပြုံးမပျက်ခံယူကာ ဘဝတိုက်ပွဲများကို ဆက်လက် ဆင်နွှဲနိုင်သူတို့ကား စိတ်ဓာတ်တည်ငြိမ်ရင့်ကျက်သူများ ဖြစ်ကြကုန်၍ လဲလျှင် ပြန်ထ ဒါ ဘဝပင်။

သို့သော် စိတ်ဓာတ်တည်ငြိမ် ရင့်ကျက်မှုကို အလွယ်တကူ ရယူနိုင်ကြပါ၏လောဟုဆိုသော် အဖြေကား ‘မလွယ်ကူ’ ဟုပင် ဖြေရပေမည်။

နို့စို့ကလေးငယ်တို့အား သူတို့အလိုဆန္ဒမျှသာရှိ၏။ သိ၏၊ နို့ဆာလျှင်ငိုမည်၊ အနှီးစို၍ ငိုမည်။ သုံးနှစ်သား အရွယ်ကလေးသည် ကစားစရာမရသော် စိတ်ဆိုးစိတ်ကောက်၏။

အသက် ၂ဝ ကျော် အရွယ်ရောက်ပြီးသူတစ်ဦးသည် ကလေးငယ်ကဲ့သို့လည်းကောင်း၊ ဆယ်ကျော်သက် မြီးကောင်ပေါက်ရွယ်ကဲ့သို့လည်းကောင်း ပြုမူကျင့်ကြံခဲ့သော် ထိုသူသည် စိတ်ဓာတ်တည်ငြိမ် ရင့်ကျက်မှုမရှိသူပင် ဖြစ်သည်။ အချုပ်ဆိုရသော် လူသည် စိတ်ဓာတ်ပိုင်းတွင် ဖွံ့ဖြိုးတိုးတက်ပါမှ ပတ်ဝန်းကျင်လောကနှင့် အဆင်ပြေစွာ ဆက်ဆံလှုပ်ရှားနိုင်၍ ရင့်ကျက်တည်ငြိမ်သူတစ်ဦး ဖြစ်လာပေမည်။

ဟာသဉာဏ်ရှိခြင်း၊ ကြိုတင်စဉ်းစားတတ်ခြင်း၊ ကိုယ့်ကိုယ်ကို အားကိုးခြင်း၊ ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းရှိခြင်း၊ မလိုလားအပ်သည့် အပြုအမူတို့ကို ထိန်းချုပ်နိုင်ခြင်း၊ ဘက်မလိုက်ခြင်းစသော အရွယ်ရောက်ပြီးသူတို့ ထားရှိရမည့် စစ်မှန်သော သဘောထားများရှိမှသာ လူတစ်ယောက်ကို စိတ်ဓာတ် တည်ငြိမ် ရင့်ကျက်မှုရှိသူဟု ဆိုနိုင်မည်ဖြစ်သည်။

အရွယ်ရောက်ပြီးစေကာမူ စိတ်ဓာတ်ရင့်ကျက်မှုမရှိသူတစ်ဦးသည် တစ်ကိုယ်ကောင်းဆန်ခြင်း၊ ဖြစ်ရပ်မှန်နှင့်ကိုက်ညီအောင် မစဉ်းစားတတ်ခြင်း၊ ထိန်းချုပ်မှုမရှိခြင်း၊ တာဝန်မသိတတ်ခြင်းနှင့် မှီခိုလွန်းခြင်း စသည့် ခြင်းရာလက္ခဏာတို့ကို ဖော်ပြတတ်၏။

အချိန်သည် လူကို အစဉ်ဝါးမျိုနေသည်။ အချိန်အကြောင်း စနစ်တကျ နားလည်မှုသည် အရေးပါ၏။ ငယ်ရွယ်သူတို့ကား စက္ကန့်၊ မိနစ်၊ နာရီတို့၏ အတိုင်းအတာပမာဏကို ကောင်းစွာ နားမလည်ကြ၊ အသုံးမချတတ်။ သူတို့အဖို့ အချိန်သည် လိုအပ်သလိုဆွဲဆန့်၍ အသုံးချနိုင်သောအရာတစ်ခုဟု ထင်မှတ်ထားတတ်ကြ၏။

ရင့်ကျက်၍ အရွယ်ရောက်သူတို့ကား မိမိပြုလုပ်ရမည့် လုပ်ငန်းများအတွက် အချိန်မည်ရွေ့မည်မျှ လိုအပ်ကြောင်းကို စနစ်တကျ ဇယားဆွဲရ၊ တတ်ရမည် ဖြစ်၏။ မိမိမျှော်လင့်မထားသော အခက်အခဲနှင့် အနှောင့်အယှက်တို့ကြောင့် ခန့်မှန်းထားသည့်အချိန်နှင့် မလုံမလောက်ဖြစ်တတ်ကြောင်းကိုလည်း ရင့်ကျက်ပြီးသူတို့သည် ဘဝအတွေ့အကြုံအရ သိရှိကြသည်။ အချိန်ကို စနစ်တကျ သုံးစွဲတတ်ပါက ဘဝတွင် အောင်မြင်မှု သရဖူဆောင်းနိုင်ကြောင်းကို စိတ်ဓာတ်မရင့်ကျက်သူတို့ နားလည် သဘောပေါက်ခြင်း မရှိကြပေ။

စိတ်ဓာတ်ရင့်ကျက်သူတစ်ဦးကား `တစ်နေ့နေ့´ `တစ်ချိန်ချိန်´ ဟူသော မပြတ်မသား တွေးခေါ်မှု မရှိပေ။ လှုပ်ရှားမှုဖြင့် လက်တွေ့အကောင်အထည်ဖော်၏။ ကျွမ်းကျင်စွာ ရေကူးနေသည်ကိုကြည့်၍ `ငါလည်း တစ်နေ့´ ဆန္ဒပြုနေမည်မဟုတ်။ ရေကူးတတ်အောင် နည်းလမ်းရှာမည်၊ ရေကူးကျွမ်းကျင်အောင် ကြိုးစားသင်ယူမည်။ ယင်းသို့ ကိုယ်ထိလက်ရောက်မလုပ်သမျှ ရေကူးတတ်မည်မဟုတ်ကြောင်းကို စိတ်ဓာတ်ရင့်ကျက်သူသည် ကောင်းစွာနည်းလည် သဘောပေါက်ပေမည်။

လောကလူသားအားလုံးသည် ဘေးအန္တရာယ်ကို ကြောက်ရွံ့ကြသည်၊ အကုသိုလ်ကို စက်ဆုပ်ကြသည်။ အမှားအယွင်းပြုမိမှာ စိုးရိမ်တတ်သည်။ ဆင်းရဲဒုက္ခ၊ ဒုက္ခသစ္စာကိုလည်း မသိကြ။ ပူပန်ကြောင့်ကြတတ်သည်။ လောကဓံတရား ရှစ်ပါးအနက် အခြံအရံပေါခြင်း၊ လာဘ်ရခြင်း၊ ချီးမွမ်းခံရခြင်း၊ ချမ်းသာခြင်းဟူသည့် အကောင်းတရားလေးပါးနှင့်သာ ကဲ့ရဲ့ခံရခြင်း၊ ဒုက္ခဖြစ်ခြင်းဟူသော ဆန့်ကျင်ဘက် အဆိုးတရားလေးပါးနှင့် မဆုံလိုကြပေ။ သူတစ်ပါး ဒုက္ခနှင့်ကြုံရသည့်တိုင် မိမိကြုံရမည်မဟုတ်ဟု မျှော်လင့်တတ်ကြသည်။ စင်စစ် ယင်းသဘောထားသည် စိတ်ဓာတ် မရင့်ကျက်သူတို့အဖို့သာ ဖြစ်သည်။

စိတ်ဓာတ်ရင့်ကျက် ခိုင်မာတည်ကြည်သူတို့သည်ကား အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ဉာဏ်ဖြင့် ထွင်းဖောက်သိသည်၊ လောကဓံရှစ်ပါးကို လက်ခံသည်။ သူတစ်ပါးကြုံတွေ့ရသည့် ဒုက္ခမျိုးလည်း မိမိတွေ့ကြုံနိုင်သည်ဟု မျှော်လင့်ထားသည်။ ဒုက္ခနှင့်ကြုံလျှင် ခံနိုင်ရည်ရှိရန်၊ အဆိုးကိုကျော်လွှားနိုင်ရန် ကြိုတင်ပြင်ဆင်ထားတတ်ကြသည်။ ထိုမျှမက အရာရာကို ဓမ္မဓိဌာန်ကျကျ ရှုမြင်ဆင်ခြင်တတ်သည်။ အခြားသူများ၏ ပျော့ညံ့ချက်ကို မြင်တတ်၊ ဝေဖန်တတ်သကဲ့သို့ သူ့ပျော့ညံ့ချက်ကိုလည်း ဆင်ခြင်ရန်၊ ဝန်ခံရန် ဝန်မလေး။ အခြားသူတစ်ယောက် နမော်နမဲ့နိုင်မှုကြောင့် ချော်လဲသည်ကို ရယ်မောတတ်သလို သူကိုယ်တိုင် ချော်လဲလျှင်လည်း ရယ်မောတတ်ပေသည်။ တစ်နည်းဆိုရသော် သူသည် ကိုယ်ပိုင်ခံစားမှု ရှိသည်ဟု ဆိုရပေမည်။ ပရဟိတစိတ် မွေးမြူကာ ရင့်ကျက်တည်ငြိမ်ခြင်း၊ စိတ်ဓာတ်ရင့်ကျက်မှုအတွက် ပထမဆုံး ပြုလုပ်ရမည့်အရာကား လူတိုင်းတွင် အနည်းနှင့်အများဆိုသလို ကိန်းအောင်းနေသည့် အတ္တစွဲ စိတ်ဓာတ်ကို ဖယ်ရှားပစ်ခြင်းဖြစ်သည်။ ထိုအတ္တစိတ် လွန်ကဲခြင်းကို အများအကျိုး သယ်ပိုးလိုသော စိတ်ဘက်သို့ ပြောင်းလဲပါ။ အတ္တတည်းဟူသော အလိုရမက်ကို ချိုးနှိမ်ပယ်ဖျောက်၍ ပရဟိတစိတ်ထားဖြင့် အများအကျိုးဆောင်ရေးသည် စိတ်ဓာတ်မရင့်ကျက်သူတို့အဖို့ ခဲယဉ်းလှသော လုပ်ငန်းတစ်ရပ် ဖြစ်ပေသည်။

ကလေးငယ်တစ်ယောက်အတွက် သူ့လိုဆန္ဒပြည့်ဝဖို့သာ အရေးကြီးသည်ဟုထင်၏။ သို့သော် တဖြည်းဖြည်း အရွယ်ရောက်သည်နှင့်အမျှ အခြားသူများ၏ အရေးပါပုံကိုလည်း ထည့်သွင်းစဉ်းစား တတ်လာသည်။ ဆယ်ကျော်သက်အရွယ်သည်ကား အတ္တစွဲ အကြီးဆုံးအချိန်ဟု ဆိုနိုင်၏။ သူတို့သည် သူတို့၏ ကြီးကောင်ဝင်စ ခန္ဓာကိုယ်ကို စိတ်ဝင်စားလေသည်။ သူတို့၏ အပြုအပြင်၊ ဆင်ယင်ထုံးဖွဲ့မှုက အခြားသူများကို ဆွဲဆောင်နိုင်စွမ်း ရှိ မရှိ သိလိုသည်။ သက်ရွယ်တူ အဖော်များ၏ လိုလားလက်ခံမှုကို မျှော်လင့်တောင့်တသည်။ မိဘက သတ်မှတ်ပေးထားသော စည်းကမ်းဘောင်ကို ကျော်လွန်၍ စွန့်စွန့်စားစားလုပ်ပြလိုသည်။
  
စိတ်ဓာတ်ရင့်ကျက်သူသည် မိမိကိုယ်မိမိ လူထဲကလူတစ်ယောက်ဟုသာ ယူဆသည်။ မိမိ၏ ကိုယ်ရေးကိုယ်တာကိစ္စများသည် အရေးကြီးသကဲ့သို့ အခြားသူတို့၏ အရေးကိစ္စများလည်း ရှိသေးကြောင်း နားလည်လက်ခံ၏။ မိမိအကျိုးတစ်ခုတည်းကိုသာ မကြည့်၊ မစဉ်းစားဘဲ အခြားသူမျာအတွက်ပါ စာနာစိတ်ဖြင့် ထည့်သွင်းစဉ်းစားပေးတတ်သည်။ အခြားသူများ ကြီးပွားသည်ကို ဝမ်းမြောက်တတ်သော မုဒိတာစိတ်လည်း ပွားများတတ်သူဖြစ်ပေသည်။

အဆိုးကို ရင်ဆိုင်ဝံ့ခြင်း 
 
စစ်မှန်သော ဖြစ်ရပ်ဆိုးများကို ရင်ဆိုင်ရဲခြင်းသည်လည်း စိတ်ဓာတ်ရင့်ကျက်သူတို့၌သာ တွေ့ရတတ်သော အရည်အချင်းတစ်ရပ် ဖြစ်ပေသည်။ စိတ်ဓာတ်မရင့်ကျက်၊ မခိုင်မာသူတို့ကမူ လောကတွင် တွေ့ကြုံရတတ်သည့် စစ်မှန်သောအဖြစ်ဆိုးတို့ကို နည်းအမျိုးမျိုးဖြင့် ရှောင်လွဲရန် ကြိုးပမ်းကြသည်။ စိတ်ကူးဖြင့်သာ ရင်ဆိုင်ခြင်း၊ နှောင့်နှေးကြန့်ကြာအောင် အချိန်ဆွဲခြင်း၊ ဖျားနာသည်ဟု မိမိစိတ်ကိုပင် လှည့်စားခြင်း၊ အလုပ်များချင်ယောင်ဆောင်ခြင်းတို့ စိတ်ဓာတ်ပျော့ညံ့သူတို့ သုံးစွဲသည့်နည်းများ ဖြစ်ပေသည်။

စိတ်ဓာတ်တည်ငြိမ်ရင့်ကျက်သူတို့ကား အောင်မြင်ရေးကို စိတ်ကူးနှင့်ကြံစည်ကာ လက်တွေ့အစွမ်းကုန် ကြိုးပမ်းကြသည်။ ဒီနေ့ပြီးမည့်အလုပ်ကို နေ့ရွေ့၊ ညရွှေ့ မလုပ်တတ်။ တစိုက်မတ်မတ် ပြုကျင့်ကြသည်။ ထိုသူတို့သည် အကြောင်းအားလျော်စွာ မအောင်မြင်လျှင်သာရှိရမည်။ လုပ်စရာရှိလျှင် အကြွေးမထား။ စိတ်ဓာတ်ပျော့ညံ့သူတို့ကမူ ခေါင်းကိုက်၍၊ ဇက်လေး၍၊ မိုးရွာ၍၊ နေပူ၍ အကြောင်းအမျိုးမျိုးပြပြီး လုပ်ရမည့်အလုပ်ကို ရှောင်လွဲရန် ကြိုးစားတတ်ကြသည်။ အလုပ်များသည်ဟူသော အကြောင်းပြချက်ကား သူတို့ကိုယ်သူတို့ လှည့်စားရန်လည်းကောင်း၊ အခြားသူများကို လှည့်စားရန်လည်းကောင်း ယင်းတို့သုံးစွဲတတ်ကြသော နည်းထူးတစ်ခုပင်ဖြစ်သည်။

စိတ်ဓာတ်ပျော့ညံ့သူတို့သည် ပင်ပန်းမှုဒဏ်ကို မခံနိုင်၊ မလုပ်လိုကြ။ ဆူပူကြိမ်းမောင်း ပြစ်တင်ခြင်းကို မခံလိုကြ။ စိတ်ဓာတ်ရင့်ကျင့်သူတို့သည် `အောင်မြင်သောဘဝဆိုသည်မှာ ကြိုးကြိုးစားစား လုပ်ဆောင်၍ ယင်းအလုပ်၏ အစစ်အမှန် ပြီးစီးထမြောက်အောင်မြင်ခြင်းဖြစ်ကြောင်း´ ကို သဘောပေါက် လက်ခံလိုက်နာကျင့်သုံးသူများဖြစ်ပေသည်။

မိမိကိုယ်မိမိ ထိန်းသိမ်းချုပ်တည်းခြင်းဟူသည် စိတ်ဓာတ်တည်ငြိမ်ရင့်ကျက်မှ ဖြစ်မည်။ ကလေးသူငယ်၊ လူငယ်တို့သည် မိမိကိုယ်ကို ထိန်းသိမ်းချုပ်တည်းနိုင်စွမ်း မရှိကြပေ။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းချုပ်တည်းခြင်းဆိုသည်မှာ တစ်ဦးတစ်ယောက်က သင်ကြားပြသ၍ ရသည်မဟုတ်။ လူတစ်ယောက်သည် အသက်နှင့်အမျှ ကြီးထားဖွံ့ဖြိုးလာသကဲ့သို့ စိတ်ပိုင်းကပါ ဖွံ့ဖြိုးတိုးတက်လာလျှင် မိမိကိုယ်ကို ထိန်းချုပ်တတ်လာသည်။ တစ်ရှူးထိုးလှုပ်ရှားမှုကို သိလိုစိတ်နှင့်ယှဉ်၍ ထိန်းချုပ်နိုင်ပါက စိတ်လိုက်မာန်ပါ အပြုအမှုကိုလည်း ထိန်းချုပ်နိုင်သည်။ ယင်းသို့ ထိန်းချုပ်နိုင်ပါမှ လိုဘမပြည့် အခြေအနေတို့၌ပင် ဣနြေ္ဒမပျက် တည်ကြည်စွာ ပြုမူနိုင်မည် ဖြစ်ပေသည်။

စိတ်လိုက်မာန်ပါပြုခြင်းဆိုသည်ကား လူတစ်ယောက်သည် မိမိလုပ်ချင်သည့်အလုပ်ကို ချိန်ဆ စဉ်းစားခြင်းမပြု၊ တစ်ဇွတ်ထိုးလုပ်ခြင်းဖြစ်၏။ ဒေါသကြောင့် ရိုက်ပုတ်ဆဲဆိုမိခြင်း၊ ကြောက်ရွံ့၍ ထွက်ပြေးခြင်း၊ စိတ်မကျေနပ် အော်ဟစ်ငိုကြွေးခြင်းတို့ကား တော်၏ မတော်၏ မစဉ်းစားဘဲ စိတ်လိုက်မာန်ပါ လုပ်မိခြင်းတို့၏ သာဓကများပင်တည်း။ စိတ်လိုက်မာန်ပါ လုပ်မိခြင်းသည် ပြုလုပ်သူအတွက်ရော ခံရသူအတွက်ပါ မကောင်းလှပေ။ မိမိကျူးလွန်မိသောအမှားကို သတိရသောအခါတွင်ကား အချိန်နှောင်းခဲ့ပေပြီ။ နောင်တသာ အဖက်တင်သည်။ နောင်တဟူသည်ကား နောင်မှတခြင်းပေတည်း။

တာဝန်မဲ့သော လင်ယောက်ျား၏ ဇနီးသည်လည်းကောင်း၊ တာဝန်မဲ့သောဇနီး၏ လင်ယောက်ျားသည်လည်းကောင်း၊ တာဝန်မဲ့သော ယာဉ်မောင်း၏ကားတွင် လိုက်ပါမိသော ခရီးသည်တို့သည်လည်းကောင်း၊ တာဝန်မဲ့ခြင်း၏ ကြောက်စရာကောင်းပုံ၊ အန္တရာယ်ကြီးမားပုံကို ဆင်ခြင်နိုင်ကြမည် ဖြစ်သည်။ တာဝန်ခံသူသည် တာဝန်ယူရဲသောစိတ် ပြတ်သားခိုင်မာစွာ ရှိရမည်။ ကိုယ့်အားကိုယ်ကိုးခြင်းဖြင့် အောင်မြင်မှုကို တက်လှမ်းရမည်။

စိတ်ဓာတ်တည်ငြိမ်ရင့်ကျက်ကာ ဘဝကို လျှောက်လှမ်းရာဝယ် ကလေးငယ်တို့ကား သဘာဝအလျောက် လူကြီးမိဘကို အားထားမှီခိုကြရပေသည်။ သူတို့သည် သူတို့၏ လိုအင်ဆန္ဒပြည့်ဝရေးအတွက်လည်း မစွမ်းဆောင်နိုင်ကြ။ ဘာဖြစ်လျှင် ဘာကိုဘယ်လိုလုပ်ရမည်လည်းမသိ။ သူတို့အဖို့ ဂရုစိုက်မှု လိုအပ်သည်။ အကာအကွယ်ပေးမှုလို၏၊ လမ်းညွှန်ပဲ့ပြင်မှုလည်း လိုပေသည်။
 
သို့သော် အရွယ်ရောက်လာသောအခါတွင်ကား ကိုယ့်အားကိုယ်ကိုးလိုစိတ် လူးလွန့်နိုးကြွစပြုပြီ ဖြစ်၏။ မိမိ၏လိုအင်ဆန္ဒ ပြည့်ဝရေးတို့အတွက် လုပ်ဆောင်သင့်သည်တို့ကိုလည်း လုပ်ဆောင်တတ်ပြီ ဖြစ်သည်။ မိဘတို့က သတ်မှတ်ပေးသော အိမ်တွင်းတာဝန်တို့ကိုလည်း ဆောင်ရွက်တတ်ပြီဖြစ်သည်။

မိမိအကူအညီလိုသောအခါ ရဲရဲဝံ့ဝံ့ တောင်းခံတတ်သကဲ့သို့ သူတစ်ပါးတောင်းလာသော အကူအညီကိုလည်း တတ်နိုင်သမျှ ဖြည့်စွမ်းပေးတတ်ကြကုန်၏။ လူဟူသည် ဘဝဝယ် စိတ်ဓာတ်တည်ငြိမ် ရင့်ကျက်မှုကို စာပေလေ့လာလိုက်စားခြင်းဖြင့်လည်း မြှင့်တင်လျက် အောင်မြင်ခြင်းကို အရယူရမည် ဖြစ်လေသတည်း။

No comments:

Post a Comment