ယနေ့ မြန်မာအမျိုးသမီးများ လောကတွင် အုပ်စုအမျိုးမျိုး ကွဲပြားခြားနားနေသည်ကို တွေ့ကြရမည်ဖြစ်သည်။ အိမ်ထောင်ထိန်းသိမ်းသော အမျိုးသမီးများ၊ ယောက်ျားများနှင့် ရင်ဘောင်တန်းအလုပ်လုပ်သော အမျိုးသမီးများ၊ အိမ်ထောင်လည်းထိန်းသိမ်း အလုပ်လည်းလုပ်သော အမျိုးသမီးများအပြင် အခြေအနေအကြောင်းကြောင်းကြောင့် ပညာသင်ကြားခွင့်မရကြတော့ဘဲ ပညာရှာရမည့် ၁၄၊ ၁၅ နှစ်အရွယ်များ၊ စာသင်ခန်းကို စွန့်ခွာကာ အထည်ချုပ်ကဲ့သို့သော လုပ်ငန်းခွင်ထဲသို့ ဝင်ရောက်လုပ်ကိုင်ရသည့် အမျိုးသမီးငယ်လေးများဟူ၍ ကွဲပြားခြားနားလျက် ရှိပါသည်။
ယနေ့ခေတ်သည် အိမ်ရှိလူကုန် အလုပ်လုပ်နိုင်မှသာလျှင် အလျဉ်မီရုံစားရသည်။ တစ်ဦးတည်းရှာဖွေသော ဥစ္စာဓနကို တစ်အိမ်လုံး၊ တစ်ဆွေမျိုးလုံး ဝိုင်းမစားနိုင်တော့။ လူတိုင်း ဝင်ငွေရှိအောင် ကြိုးစားကြရသည်။
မြန်မာအမျိုးသမီးများသည် ဘာသာတရားအဆုံးအမနှင့် ကြပ်ကြပ်မတ်မတ်ထိန်းကွပ်ခံရင်း လူဖြစ်လာရသော်လည်း လူမျိုးပေါင်းစုံနှင့် လွတ်လွတ်လပ်လပ်၊ ရင်းရင်းနှီးနှီး ဆက်ဆံရသည့်ခေတ်တွင် ခြံခုန်လိုသူ၊ လက်တည့်စမ်းလိုသူ၊ အကျပ်အတည်းမှ မမှန်ကန်သောနည်းလမ်းနှင့် ထွက်ပေါက်ရှာလိုသူများ မှိုလိုပေါက်လာခဲ့သည်။ လွတ်လပ်မှု၏အရာကို မြည်းစမ်း၍ ကြည့်ချင်သူတွေဟု ဆိုကြပါစို့။ အပြင်လောကကိုရောက်ခါစ၊ အတွေ့အကြုံလည်း မရင့်ကျက်သေး၊ ‘ခေတ်ဟောင်းခေတ်ဆွေးက အယူအဆတွေ အလိုမရှိ’ ဆိုပြီး ယောက်ျားနှင့်မိန်းမ အခွင့်အရေးချင်း တူညီရမည်ဆိုသည့် အသိတရားလေးက မြှောက်ဆွပေးလိုက်ပြန်ရာ မိန်းမစည်းဝိုင်းအပြင်ဘက် ရောက်လာခဲ့သူတွေ အတော်များနေပြီ။
သို့ရာတွင် စည်းကမ်း နည်းလမ်းမှန်ကန်စွာ ကျင့်ကြံကြိုးစားအားထုတ်ကာ ရဲရင့်ကျော်ဖြတ်အောင်မြင်လာကြသည့် နမူနာယူစရာ အမျိုးသမီးများ ဌာနတိုင်းတွင် ရှိကြပါသည်။ အမျိုးသမီးများ အဘယ်ကြောင့် လခစားအလုပ်ကို ဝင်လုပ်ကြပါသနည်း။ မိမိတို့ဆည်းပူးခဲ့သောပညာကို အလကားမဖြစ်အောင် အသုံးချလိုခြင်း၊ အသက်မွေးဝမ်းကြောင်းအလုပ် ရှာလိုခြင်း၊ မိဘကို လုပ်ကိုင်ကျွေးမွေးလိုခြင်း၊ မိသားစုစီးပွားရေး မကျပ်တည်းစေလိုခြင်းနှင့် ပြည်သူ့တာဝန်ကို ဝတ္တရားအရ ထမ်းဆောင်လိုခြင်းများကြောင့်သာဖြစ်၏။ အကြားအမြင် ဗဟုသုတပြည့်စုံပါက နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးရာထူးများကိုပင် နိုင်ငံခြားတိုင်းပြည်များ၌ ဝင်ရောက်စွမ်းဆောင်နေသော ကာလကြီးဝယ် ယနေ့အိမ်ရှင်မများအနေဖြင့် အိမ်တွင်းပုန်းခြင်းသည် အကျိုးမဲ့သောလုပ်ရပ်တစ်ခုအဖြစ် ကျန်ရစ်ခဲ့လေပြီ။
ယောက်ျားများကလည်း အမျိုးသမီးများကို မိသားစုစိတ်ဓာတ်ဖြင့် ဖေးမကြပါ၏လော။ ကိုယ်နှင့်တန်းတူ လုပ်ဖော်ကိုင်ဖက်ဖြစ်၍ လေးစားထိုက်သောမိတ်ဆွေများဟု သတ်မှတ်ပါ၏လော။ သဘာဝအရ အားနွဲ့မှုအပေါ်ဖေးမ၍ ဦးစားပေးရမည်။ မတော်တာမဖြစ်ရအောင် စောင့်ရှောက်ရမည်။ သူ့နှမ ကိုယ့်နှမ ကိုယ်ချင်းစာတရား လက်ကိုင်ထား၍ ညှာတာသနား ဆက်ဆံရမည်။ လျှာအရိုးမရှိ မစားရဝခမန်း ပြောကြားလာသည့်စကားများ၊ လက်ဆော့၊ ခြေဆော့၊ ပလူးနလူး၊ ပွတ်သီးပွတ်သပ်လုပ်တတ်ကြသည်များ၊ သူငယ်ချင်းလို၊ လုပ်ဖော်ကိုင်ဖက်လို၊ တူမ လို အောက်မေ့လို့ဘဲ၊ ဆရာနှင့်တပည့်မို့ဘဲ၊ ရင်းနှီးခင်မင်လို့ဘဲဟု စိတ်ချလက်ချ မနေအပ်ပေ။ လူပျိုများက လက်မရဲ၊ ဇက်မရဲ ရှက်တတ်ဦးမည်ဖြစ်သော်လည်း အိမ်ထောင်သည်များက နောဧကနော အကြောကိုသိပြီးသားမို့ ပို၍သတိပြုရမည့်အချက်ပင်။ လမ်းကြုံ၍ ကုန်မြင်ပြီး ဆစ်ခြင်းဖြစ်ရာ တကယ်ဝယ်လို၍ ဈေးမေးခြင်းမဟုတ်သည်ကို အမျိုးသမီးတိုင်းနားလည်ထားဖို့ အရေးကြီးသည်။
မိန်းကလေးများသာမဟုတ် ယောက်ျားများ၏ဂုဏ်သိက္ခာကိုလည်း သိထားရမည်။ အမျိုးသမီးများကလည်း အမျိုးသားများအပေါ် မည်သို့သဘောထားသင့်ပါပြီလဲ။ ယောက်ျားတွေက အရေးပေး၍ကမ်းတက်ပြီး မလေးမစား၊ မခန့်မညား ပြုမူကြပါသလား။ ရိသဲ့သဲ့လုပ်သူများကို အားပေးလက်ခံအနေဖြင့် ပြန်ပြီး ခနဲ့တဲ့တဲ့ မူနွဲ့နွဲ့ ဆက်ဆံလိုက်ပါသလား။ ချော့တိုင်းပြေ၊ မြှောက်တိုင်းမြောက်ပြီးယောက်ျားများကို လှည့်စားစရာ၊ ချူစရာများဘဲဟု အောက်မေ့ပါသလား။
အပေါ်ရံနောက်ပြောင်သည်ကို ပြုံးရယ်၍လက်ခံခြင်းသည် ကျားရှေ့မှောက်လျက်လဲခြင်းတည်း။ အားကိုးစရာ ဆက်ဆံရသည်ဟု ဆင်ခြေလည်း မပေးလိုက်ပါနှင့်။ အားငယ်လျှင် အားကိုးစရာ ရတနာသုံးပါး၊ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေများအပြင် မိမိတို့၏ အလိမ္မာစွမ်းရည် ရှိပါသေးသည်။ မိန်းမမာယာကို လူဖမ်းရာ၌ အသုံးမပြုသင့်။ ဘေးအန္တရာယ်ရောက်မှ အသုံးပြုသင့်သည်။ လူစိမ်းသက်သက်ကို ရုက်တရက်အဘယ်ကြောင့် ယုံလွယ်ရမည်နည်း။
နောက်တစ်ခု သတိပြုရန်မှာ သိက္ခာရှိသော အဝတ်အစားကို ဆင်ယင်ရန်ဖြစ်ပါသည်။ ဘာပဲဝတ်ဝတ်၊ ဘယ်သူနှင့်ပဲပွေပွေ၊ အလုပ်တာဝန်ကျေလျှင်ပြီးရောဟု မယူဆသင့်။ “လူမှာအကျင့် ပန်းမှာအပွင့်” အရေးအကြီးဆုံးဖြစ်ပါသည်။ ခေတ်ဆန်လွန်းက မကောင်း။ အရှက်တရား၊ အကြောက်တရား ထိုနှစ်ပါးသည် ကမ္ဘာစောင့်တရားဖြစ်သည်။ အရှက်၊ အကြောက်ကင်းက ကမ္ဘာပျက်ခြင်းဖြစ်မည်။ သိက္ခာရှိရှိဝတ်၊ တည်ကြည်စွာပြောမှ လူရိုသေမည်။ တန်ဖိုးလည်းတက်လာမည်။ ခံ့ခံ့ဝတ်၍ ရိုးရိုးဆင်ခြင်းသည်အကောင်းဆုံးဖြစ်သည်။ ယောက်ျားနှင့်နီးကပ်စွာနေရသူတိုင်း လုံခြုံသော အဝတ်အစားဆင်ယင်မှုကို ဂရုစိုက်ရမည်။ ခေတ်ဆန်တိုင်းမကောင်းပါ။ အဝတ်အစားဆန်းပြား ခေတ်ဆန်လွန်းက ယောက်ျားများ၏ရာဂစိတ်ကိုလည်း ထောင်းကနဲ ထစေသည်။ ဤသည်မှာ ၎င်းတို့အပြစ်မဟုတ်။ ယိုသူမရှက် မြင်သူရှက်ရခြင်းမှာ မလုံ့တလုံမျိုးကြောင့်ဖြစ်ပါသည်။ မီးတောက်ကိုလေပင့်လိုက်ခြင်းဖြစ်မည်။ ပြစားခြင်းတစ်မျိုး ဖြစ်သည်။
ဤကဲ့သို့ တန်ဘိုးလျော့နေသော ညီမသားချင်းများအတွက် ရိုးရိုးသားသားတည်ကြည်စွာ အသက်မွေးနေသော အမျိုးသမီးများက စိတ်ကောင်းကြမည်မဟုတ်။ ထိုသို့ အတွေ့အကြုံနည်းပါး၍လမ်းမှားလိုက်နေသော စိတ်နုနုအမျိုးသမီးများအတွက် မည်သူတွေက တာဝန်ယူ၍ တည့်မတ်ပေးနေသနည်း။ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်ခြင်းကို ဘယ်စာပေ၊ ဘယ်အသိဉာဏ်က စိတ်နှလုံး ယဉ်ကျေးငြိမ်သက်အောင်လမ်းပြနေသနည်း။ ယနေ့ ကိုရီးယားယဉ်ကျေးမှု၊ ကိုရီးယားဇာတ်လမ်းတွဲနှင့် ရုပ်ရှင်ကားများကယဉ်ကျေးမှုအသစ်တစ်ရပ် ထိုးဖောက်ဖျက်ဆီးနေသည်မှာ သတိပြုရမည့်အချက်ကြီးဖြစ်သည်။ ယနေ့ နေရာတကာ၌နိုင်ငံခြားသားများနှင့် ရင်းနှီးပွင့်လင်းစွာ ဆက်ဆံသွားလာနေကြသော အမျိုးသမီးများစွာရှိနေသည်။ အမျိုးဂုဏ် ထိန်းသိမ်းရမည့်အရေးထက် ဘဝ၏မွန်းကျပ်မှု ထွက်ပေါက်တစ်ရပ်အဖြစ်ကျင့်သုံးနေခြင်းများမှာ အမျိုးသားရေးစိတ်ဓာတ် နိမ့်ကျခေါင်းပါးနေခြင်း၏ ပြယုဂ်တစ်ခုဖြစ်၏။
အမျိုးဂုဏ်ထိန်းသိမ်း၍ အသိတရားနှင့် အသိတရားကို မပြတ်ဆင်ခြင်နိုင်ကြပါစေ။




No comments:
Post a Comment