"ဇောတိရသ မနောမြဟု သေဋ္ဌရတနာ မည်သာထင်ရှား ပတ္တမြားကျောက်ရည် ဝင်းဝင်းကြည်သော်" ဟူ၍ စတုဓမ္မသာရကိုးခန်းပျို့တွင် တွေ့ရှိရသည်မှာ ဇောတိရသ ဆိုသည်မှာ ထွန်းတောက်ပသော အရောင်အရည်ရှိသောကျောက်ဟု ဆိုထားသည်။ မနောမယ ဟူသည်ကား စိတ်အလိုအတိုင်း ပြီးပြည့်စုံစေတတ်သော ကျောက်ရတနာကိုဆို၏။ ဤ ဇောတိက မနောမရ မည်သောကျောက်ရတနာသည် ဝါးစိမ်း၏အဆင်းရှိသော ဝေဠုရိယဟုဆိုအပ်သော မြမျိုးဖြစ်သောကျောက် ဖြစ်ကြောင်းကို သုတ်မဟာဝါ အဋ္ဌကထာ မဟာသုဒဿနသုတ်အဖွင့်၌ရှိ၍ စိမ်းသောအဆင်းရှိသော မြကျောက်ရတနာကိုသာလျှင် ပတ္တမြားဟု ခေါ်ဆိုပါသည်။
ယနေ့ကာလ၍မူကား ကျောက်နီကို ပတ္တမြားဟုခေါ်ကြသည်မှာ ကျောက်နီသည် ပြည်တန်အောင်အဖိုးထိုက်ကြောင်း ကျမ်းဂန်တွင်မရှိ။ မြကျောက် ပတ္တမြားသည်သာလျှင် အဖိုးအတိုင်းမသိထိုက်တန်ကြောင်း ကျမ်းဂန်များ၍ လာရှိကြောင်း စကြာမင်း၏ပတ္တမြားရတနာ၊ ဝိဓူရဇာတ်တွင် ပုဏ္ဏကဘီလူးဆောင်သောပတ္တမြား၊ မဏိကဏ္ဌဇာတ်တွင် နဂါးလည်၍ဆွဲသောပတ္တမြား၊ ဘူရိဒတ်ဇာတ်တွင် နေသာဒကို ဘူရိဒတ်နဂါးပေးသောပတ္တမြားတို့သည် ဝေဠုရိယဟုမည်သော မြကျောက်တို့ချည်းဖြစ်သောကြောင့် ပတ္တမြားဟူသည် မြကျောက်ရတနာကို ယူမှတ်ပါသည်။

No comments:
Post a Comment