လောကတွင် သာတူညီမျှ
မျှဝေခံစားမှသာ ချစ်ခင်စည်းလုံး ရင်ကြားစေ့၍ ရမည်တည်း။
လူသတ္တ၀ါတို့တွင် အရာရာ၌
မိမိသာ အသာလိုကြသည်။ ထိုသည်ကို စဉ်းစားမိသင့်သည်။ ထိုသို့ အသာလိုချင်ခြင်းကြောင့် သူတစ်ပါးနှင့်ညီမျှခြင်း
မဖြစ်နိုင်တော့။ ညီမျှခြင်းမရှိသော လောကသည် သာယာပျော်ရွှင်နိုင်ခြင်း ရှိမည်မဟုတ်ပါ။
သူတစ်ပါးနှင့် မညီမျှသော် ဖော်ရွေစွာ ပေါင်းသင်းဆက်ဆံ၍ မဖြစ်နိုင်တော့။ ထိုအခါ လိုချင်မှုသည်
ညီမျှခြင်းဖြစ်ရန် ခဲယဉ်းပေသည်။
တစ်ဦးက အသာလို၍ တစ်ဦးက
ရှိပါစေတော့ဟု အနာခံသော် ညီမျှခြင်းဖြစ်နိုင်ပါမည်လော။ သာသာ နာနာ နှစ်ဦးနှစ်ဖက်၏နားလည်မှုက
အဓိကကျသလော။ တစ်ဦးက သာ၍ တစ်ဦးက နာနေခြင်းသည် ညီမျှသလား။ သာ-နာခြင်းသည် မညီမျှခြင်းသာဖြစ်၍
အဖြေမှာ တစ်ဦးနှင့်တစ်ဦး ဖော်ရွေစွာ ပေါင်းသင်းဆက်ဆံ၍ မဖြစ်နိုင်ဘဲ သဘောထားကွဲလွဲလာမှုသာ
ဖြစ်ပေါ်တော့မည်။
အချို့က အတိုက်အခံရှိရမည်ဟု
ပြောသည်။ အတိုက်ကိုကား နားရှင်းပါသည်။ အခံဆိုရာ၌ ခံနေ၍ အခံမဆို၊ ခုခံခြင်းကို “အခံ”
ဆိုနေသည်။ အတိုက်နှင့် ခုခံခြင်း ဖြစ်နေသည်။ ထိုသို့မရှိပါက တိုးတက်ခြင်းမရှိဟု ဆိုကြပြန်သည်။
မည်သို့တိုးတက်သည်ကို မဖော်ပြချေ။ အကောင်း တိုးတက်ခြင်းလော၊ မကောင်း တိုးတက်ခြင်းလောဟု
လက်တွေ့သဘာနှင့် စောကြောရမည်။
အတိုက်အခံဆိုသည့်
အတိုက်နှင့် ခုခံခြင်းသည် မနိုင်၍ နေရစေကာမူ ကျေနပ်မှုမရနိုင်ချေ။ မကျေ နပ်သောလောကသည်
သာယာ၍ ကောင်းပါ၏ဟု ယူဆ၍မရပါ။
အသာလိုသောသူ၊ အသာစံသောသူနှင့်
အနာခံသောသူတွင် မည်သူက အစွမ်းထက်၍ မည်သူက ညံ့သနည်း။ အသာကို လူတိုင်းကပင် လိုချင်၍ အသာစံခြင်းကို
လူတိုင်းလောက်ပင် တောင့်တကြသည်။ အနာခံခြင်းကိုကား အာဇာနည်စိတ်ဓာတ်ရှိသောသူများ၌သာ တွေ့ရပါသည်။
အသာလိုသောသူ၊ အသာစံလိုသောသူကို
သွေးကြောင်၍ အစွမ်းအစ ညံ့သောသူဟု ဆိုရသော် လူတိုင်းနီးပါး အောင့်သက်သက်တော့ ခံစားရပေမည်။
သို့သော် စဉ်းစားကြည့်ပါ။ ဘက်မလိုက်ဝါဒအရ စဉ်းစားကြည့်ပါ။ သူတစ်ပါး၏ အနွံအတာကို မခံနိုင်သောသူ၊
သူတစ်ပါးအပေါ်၌ သည်းမခံနိုင်သောသူသည် သူတစ်ပါး၏ကျေးဇူးကို မည်ကဲ့သို့ ဆောင်ရွက်နိုင်မည်နည်း။
သူတစ်ပါး၏ အကျိုးကိုကော မည်ကဲ့သို့ ဆောင်ရွက်နိုင်မည်နည်း။ သူတစ်ပါး၏ကျေးဇူးကို မဆောင်ရွက်သောသူ၊
သူတစ်ပါး၏ကောင်းကျိုးကို မဆောင်ရွက်သောသူသည် တစ်ဘို့တည်းသမား၊ ငါစားသမား၊ တစ်ကိုယ်ကောင်းသမား
သက်သက်ဖြစ်၍ လောကအတွက် တန်ဖိုးမဲ့ သုံးမရသောသူဖြစ်နေသဖြင့် အစွမ်းအစများ ယုတ်လျော့၍
ခုခံသောသူ ဖြစ်မှန်းမသိ ဖြစ်လာရသည်။
အနာခံသောသူသည်ကား
သူတစ်ပါးအား အရေးပေးသောသူဖြစ်နေ၍ သူတစ်ပါး၏ ကျေးဇူး၊ သူတစ်ပါး၏အကျိုးကို ဆောင်ရွက်နေရာ
ရောက်ချေသည်။ စင်စစ် အသာလိုသောသူသည် ဘာကိုပြောပြော၊ ဘာကိုလုပ်လုပ် ဂုဏ်ကိုလိုလားရာ
ရောက်ချေသည်။ အသာစံသောသူသည် ဇိမ်ယစ်နေရာ ရောက်သည်။ အနာခံသောသူသည် သူတစ်ပါးအကျိုးငှာ
အလုပ်လုပ်နေသော အလုပ်သမားဖြစ်သည်။ တစ်နည်းအားဖြင့် အသာလိုသောသူသည် အခွင့်အရေးလိုသောသူ
ဖြစ်သည်။ အသာစံသောသူသည် ခေါင်းပုံဖြတ်သူသော်လည်းကောင်း၊ ကိုယ်ကျိုးရှာသောသူသော်လည်ကောင်း
ဖြစ်နေပေသည်။ အနာခံသူကား အလုပ်သမားသက်သက်သဘော ရောက်နေသည့်ပြင် သူတစ်ပါး၏ ကျေးဇူးရှိရာရှိကြောင်းနှင့်
သူတစ်ပါး၏ကောင်းကျိုးကို ဆောင်ရွက်နေသူဖြစ်ချေသည်။
လူတို့သည် လောက၌ အေးချမ်းသာယာစွာ
လူပီပီသသနေနိုင်ရန်ကား ညီမျှခြင်း ဖြစ်နိုင်သမျှ ဖြစ်စေရာသည်။ ညီမျှခြင်းဖြစ်စေရန်
မျှတရပေလိမ့်မည်။ မျှတနိုင်အောင် တစ်ဦး၏အကျိုးကို တစ်ဦးက လိုလားရပေလိမ့်မည်။ တစ်ဦး၏အကျိုးကို
တစ်ဦးကလိုလားသည်ဆိုခြင်းကား ကိုယ်က အနာခံ၍ ဖော်ရွေစွာ ပေါင်းသင်းဆက်ဆံမှုပင် ဖြစ်နေပေသည်။
ထိုသို့ ဖော်ရွေစွာ
ပေါင်းသင်းဆက်ဆံမှုသည် ဖြစ်နိုင်ပါ့မလား။ ဤသည်ကို သတိပြုရမည်။ မည်သို့သောသူများသည် ဖော်ရွေစွာ
ပေါင်းသင်းဆက်ဆံမှုကို မပြုနိုင်သနည်း။ ဖော်ရွေစွာ ပေါင်းသင်းဆက်ဆံမှု မဖြစ်နိုင်သနည်း။
အသာစံလိုသောသူသည်
အသာယူလိုသူဖြစ်သည်။ ထိုသူမျိုး၌ ဖော်ရွေစွာ ပေါင်းသင်းဆက်ဆံမှုသည် မဖြစ်နိုင်သည်ဟု ယူဆမိသည်။
အဘယ့်ကြောင့်ဆိုသော် ထိုအသာစံလိုသောသူသည် အစိုးတရ အာဏာရှိသူကို ခစားမည်။ ခေတ်စကားအရ
ဖော်လန်ဖားမည်၊ အလိုလိုက်မည်၊ မျက်နှာလိုမျက်နှာရပြုမည်။ ထိုသို့ ပြုသည်ကား ၎င်း၏အကျိုးငှာအတွက်ဖြစ်သည်။
ဤသို့ပြုရခြင်းသည် အစိုးတရအာဏာရှင်ကို တစ်နေ့သော် ပြုတ်ကျအောင် တိုက်နေခြင်းဖြစ်သည်။
ထိုသဘောသည် အလွန်နက်၍ သိနိုင်ရန် များစွာခက်ခဲပေသည်။ ထိုသဘောကိုသိမှ ဖော်ရွေစွာ ပေါင်းသင်းဆက်ဆံခြင်းဟူသော
အဓိပ္ပာယ်သည် ပေါ်လာနိုင်ဖို့ရှိသည်။
သူတို့သည် အသာယူလိုသော
သဘောဖြင့် စည်းစိမ်ဥစ္စာ ပြည့်စုံသောသူ၏အပေါ်၌ ထိုကဲ့သို့ပင် ပြုမူတတ်လေသည်။ ၎င်း၏ ထိုသဘောမှာ
အသာယူလိုခြင်းအတွက်သာ ဖြစ်ချေသည်။
လောက၌ မချမ်းမသာ တွေ့ရခြင်း၊
ကြုံရခြင်း၊ ကြားရခြင်းများသည် အသာယူလိုသောသူများကြောင့် ဖြစ်ချေသည်။ ထိုသဘောအရ မိမိကိုယ်ကိုမိမိ
ပြန်၍သုံးသပ်ကြည့်သော် “ငါသည် အသာစံလိုသောသူလော၊ အနာခံလိုသောသူလော၊ သူတစ်ပါးအပေါ် အနာခံနိုင်သလော။
ငါသည် အသာစံလိုသည်၊ ငါသည်အသာယူလိုသည်၊ ငါသည် အနာမခံနိုင်” ဖြစ်ချေသော် လောကကြီးအတွင်း၌
မပြေမပြစ် တွေ့ကြုံနေခြင်းနှင့် ကြိမ်မီးအုံးဖြစ်နေရခြင်းသည် ငါလည်းအပါအ၀င်ဟု သိထားရန်
လိုပေသည်။
မြန်မာတို့တွင် အစဉ်အဆက်အားဖြင့်
“အနာမခံဘဲနှင့် အသာမစံရ” ဆိုသောစကားရှိသည်။ ၎င်း၏ အဓိပ္ပာယ်ကား တစ်ဦးနှင့်တစ်ဦး အနာခံနိုင်ကြမှ၊
အနာခံ၍ လုပ်ကိုင်ဆောင်ရွက်ကြမှ သာယာ၍ တင့်တင့်တယ်တယ် နေနိုင်ကြမည်ဟု ဆိုပေသည်။
အနာခံခြင်း၏သဘောကား
အရှုံးခံခြင်း သဘောမဟုတ်။ မိမိအစွမ်းအစကို မထုတ်ရခြင်း သဘော မဟုတ်။ သူတစ်ပါး၏အကျိုးကို
လိုလားနှစ်သက်စွာ ဆောင်ရွက်ခြင်းဖြစ်သည်။ “လောကကို ကြည့်သောသူသည် အနစ်နာခံဖို့ရာ၌ ဦးမလေးရာ”။
လူတစ်ယောက်သည် အနာခံ၏၊
လူတစ်စုသည် အနာခံ၏။ ထိုလူတစ်ယောက်ကို အခြားလူ တစ်ယောက်ကလည်းကောင်း၊ ထိုလူစုကို အခြားလူတစ်စုကလည်းကောင်း
အနာခံ၏။ အနာခံသည် ဆိုသောသဘောသည် အခြားသူ၏အကျိုးကို လိုလားခြင်းသဘော သက်ရောက်နေပေသည်။
လူစုလူဝေး၊ လူ့အဖွဲ့အစည်းအချင်းချင်း
စသည်တို့သည် အသာမယူကြဘဲ ပြိုင်၍ အနာခံကြချေသော် အချင်းချင်း တစ်ဦး၏အကျိုးကို တစ်ဦးလိုလားရာရောက်နေ၍
လူအများနေသော လောက၊ “လူ့” လောကဖြစ်လာသဖြင့် အေးချမ်းသာယာ စည်ပင်ဝပြောသောလောကကို ဖြစ်လာစေနိုင်ပေသည်။
အနာခံခြင်းသည် သူတစ်ပါး၏အပြစ်ကိုမရှု၊ သူတစ်ပါး၏အပြစ်ကို မလိုလားဘဲ သူတစ်ပါး၏အကျိုး၊
သူတစ်ပါး၏ကောင်းခြင်းကို လိုလားရာရောက်၍ မျှတခြင်းသဘောဖြစ်၏။ ထိုမျှတခြင်းသဘောသည်သာလျှင်
ညီမျှခြင်းကိုဖြစ်စေနိုင်၍ အေးချမ်းသာယာခြင်းသည် အလိုအလျောက် မကြွေးကြော်ဘဲ တည်လာလေသည်။
ထိုသို့ အေးချမ်းသာယာသော လောကထွန်းကားလာခြင်းဖြင့် လူ့ဘောင်ပတ်ဝန်းကျင်သည် အစဉ်သဖြင့်
ဝပြောလာမည့် သဘောဆောင်ပါသည်။
မြန်မာလူမျိုးတို့၏
မူရင်းစိတ်ဓာတ်ခံမှာ “ သူ့အကျိုးကိုဆောင် အိုတောင်မဆင်းရဲ” ဆိုသောစကား ရှိထားခဲ့၍ သူ့အကျိုးကိုလိုလားကာ
ဆောင်သည့်သဘော၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ယောက်နှင့် တစ်ယောက် အနာခံကာ ပေါင်းသင်းဆက်ဆံနေကြသဖြင့်
အများအားဖြင့် မျှတခြင်း ဖြစ်နေမှုများ၍ သူဆင်းရဲသည်ပင် ငတ်မှာမပူရ၊ မ၀တ်ရမှာ မပူရ၊
နေစရာမရှိမှာ မပူရ ဖြစ်နေပေသည်။
အသာစံခြင်းသည် ငါကောင်းစားရေးဝါဒသဘော
သက်ရောက်၍ အသာလိုခြင်းဟူသော သဘော ဖြစ်လာပြီးလျှင် မညီမျှနိုင်သဖြင့် “လု” လောကကို တည်ထောင်ရာရောက်သောကြောင့်
အသာလိုချင်ခြင်း ရှိအပ်ပါ၏လော။ လူတိုင်းသည် အသာလိုချင်လွန်းကြသည်။ ကိုယ်ကသာမှ ကျေနပ်ကြသည်။
တကယ်တမ်းတော့ သူမသာ ကိုယ်မသာ သူမနာ ကိုယ်မနာသည်သာလျှင် မျှတ၍ဖြစ်သင့်ပါသည်။
တစ်ဦးနှင့် တစ်ဦး၊
တစ်စုနှင့် တစ်စု၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အနာခံခြင်းသည် သူတစ်ပါး၏အကျိုးကို လိုလားရာရောက်သည့်အပြင်
မျှတခြင်းကိုဖြစ်စေလေသည်။
အသာလိုချင်ခြင်းသည်
စီးနင်းခြင်း၊ စီးပိုးခြင်းဖြစ်၍ မညီညွတ်နိုင်။
အနာခံခြင်းသည် မျှတခြင်းဖြစ် ၍ ညီညွတ်နိုင်သည်။
အသာလိုချင်သူ၏ပေါင်းသင်းဆက်ဆံမှုသည် အပေါ်ယံဟန်ဆောင်မှုအပြည့်ဖြင့် ချိုနေလိမ့်မည်။
အချိုးမညီမျှသောလောကတွင် အမျိုးသားစည်းလုံးညီညွတ်ခြင်း တည်ဆောက်မိရန် ခဲယဉ်းနေပါသည်။ ထိုအတွက်ကြောင့် ကျွန်ုပ်တို့သည် လူ့ဘောင်၊ လူ့ဘုံ၊ လူ့လောကကြီးကိုသာ တူညီမျှဝေခံစားနိုင်ရန် ကိုယ်ကျိုးစွန့်အနစ်နာခံကြ၍ တိုင်းပြည်ကိုတည်ထောင်ရာဝယ် နာခြင်းနာ ကိုယ်သာအနစ်နာခံရမည် ဖြစ်ပါတော့သည်။
အသာလိုချင်သူ၏ပေါင်းသင်းဆက်ဆံမှုသည် အပေါ်ယံဟန်ဆောင်မှုအပြည့်ဖြင့် ချိုနေလိမ့်မည်။
အချိုးမညီမျှသောလောကတွင် အမျိုးသားစည်းလုံးညီညွတ်ခြင်း တည်ဆောက်မိရန် ခဲယဉ်းနေပါသည်။ ထိုအတွက်ကြောင့် ကျွန်ုပ်တို့သည် လူ့ဘောင်၊ လူ့ဘုံ၊ လူ့လောကကြီးကိုသာ တူညီမျှဝေခံစားနိုင်ရန် ကိုယ်ကျိုးစွန့်အနစ်နာခံကြ၍ တိုင်းပြည်ကိုတည်ထောင်ရာဝယ် နာခြင်းနာ ကိုယ်သာအနစ်နာခံရမည် ဖြစ်ပါတော့သည်။

No comments:
Post a Comment