ယခုခေတ်၌ ကမ္ဘာတွင် ငြိမ်းချမ်းရေးကို လက်ညိုးထိုး၍ စစ်သည်၊ စစ်တပ်များကို လျှော့ချရန်၊ လက်နက် လျှော့ပေါ့ရန်၊ နျူကလီးယား မစမ်းသပ်ရန်၊ မလုပ်ရန် အားထုတ်နေကြလေသည်။ ငြိမ်းချမ်းရေးသည်ကား လက်နက်ကောင်းများကို မလုပ်ခြင်းနှင့် လက်နက်လျှော့ပေါ့ခြင်းမဟုတ်။
ငြိမ်းချမ်းရေးအစစ်သည်ကား တိုင်းပြည်တစ်ပြည်အပေါ် တစ်ပြည်က ဖြူစင်သော ချစ်ခြင်း(မေတ္တာ) ကို လက်ကိုင်ထား၍ တိုင်းပြည်တစ်ပြည်အပေါ် သနားခြင်း၊ တိုင်းပြည်တစ်ပြည်၏ ကောင်းစားခြင်းကို ၀မ်းသာခြင်း၊ တိုင်းပြည်တစ်ပြည်၏အကျိုးကို နှစ်နှစ်ကာကာ လိုလိုလားလားနှင့် ကိုယ်ချင်းစာနာ ဆောင် ရွက်ခြင်းသာ ဖြစ်သည်။ ကမ္ဘာသည် တိုင်းပြည်တစ်ခု၏ အစစ်တန်ခိုးကိုမသိ၍ တန်ခိုးသည် လက်နက်ဟူ ၍ ထင်ယောင်ထင်မှားနေသည်။ သို့သော် မှားခြင်းမှာလည်း တစ်ခါတစ်ရံ အချိန်အခါနှင့်အညီ အမှား ကောင်းအဖြစ် ရှိနေပြန်သည်။ ဒုတိယကမ္ဘာစစ်၌ ဂျပန်သည် အာရှတိုက်အရှေ့ဘက်တွင် အကြီးအကျယ် ထောင်လွှားတက်ကြွ မာန်ထောင်နေခြင်းကို အမေရိကန်သမ္မတ ထရူးမင်းက ခေါင်းတစ်ချက်ညိတ်ကာ လက်နက်ဖြင့် နှိမ်နင်းခဲ့လေသည်။ နောက်ဆုံး လက်နက်ရိုးရိုးဖြင့် မနှိမ်နင်းနိုင်၍ အဏုမြူလက်နက်ကိုသုံးသဖြင့် ဂျပန် အင်္ဂလိပ်၊ ပြင်သစ်တို့ထက် တန်ခိုးကြီးမားလာပါသည်။ စစ်ကြီးအေးသွား၍ အမေရိကန်နိုင်ငံသည် တန်ခိုးကြီးသောနိုင်ငံဟု ကမ္ဘာတွင် ထင်ရှားလာပေသည်။
ဆိုခဲ့သည့်အတိုင်း
အမေရိကန်ပြီးသော် ဆိုဗီယက်ရုရှားသည်လည်း လက်နက်နိုင်ငံတော်ကြီး တည်ထောင်ကာ တန်ခိုးကြီးလာသော်
ကွန်မြူနစ်ဝါဒသည်လည်း ခေတ္တခဏ တောက်ပလာလေသည်။ ဤသို့ဖြင့် ကမ္ဘာတွင် အရင်းရှင်နယ်ချဲ့အစိုးရအဟောင်းတို့သည်လည်း
လက်နက်နိုင်ငံတော်အသီးသီး တည်ထောင်ကာ တစ်ဖက်မှ လက်နက်ဖျက်သိမ်းရေး တစာစာအော်နေကြ၍ တစ်ဖက်မှ
စစ်ပွဲများဖန်တီးကာ လက်နက်အသွယ်သွယ် ရောင်းဝယ်ဖောက်ကား ကျိကျိတက် ချမ်းသာသွားကြလေသည်။
နောက်ပေါက် အိန္ဒိယနှင့်
တရုတ်ပြည်သည်လည်း အဏုမြူလက်နက်နိုင်ငံတော်ကြီးတည်ထောင်ကာ ကမ္ဘာ့အင်အားကြီး တစ်ချက်လွှတ်အမိန့်တော်ရ
လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအဖြစ် ရပ်တည်လာကြသည်။ ထိုမျှမက လက်နက်၏တန်ခိုး
အဘယ်မျှကြီးထွားသနည်းဆိုသော် ဇီယွန်ဝါဒီ ဂျူးတို့သည်လည်း နျူကလီယားလက်နက်နိုင်ငံတော်ကြီး တည်ထောင်သည်။ ပါကစ္စတန်လည်း
ထိုနည်းလည်းကောင်း စသဖြင့် နျူကလီးယားလက်နက် မစမ်းသပ်ရန်၊ မဖောက်ခွဲရန်၊ မထုတ်လုပ်ရန်
နျူကလီးယားလက်နက်ရှိ နိုင်ငံတော်ကြီးများက အသံကုန်အော်ဟစ် တားဆီးနေသည့်ကြားက အီရန်နှင့်
မြောက်ကိုးရီယားသည်လည်း လက်နက်ရှိမှလူရာဝင် အလေးထားဆက်ဆံသည့်ဗျူဟာကို လေးစားသည့်အားဖြင့်
နျူကလီးယားဒုံးပျံများ တစ်စင်းပြီးတစ်စင်း ပစ်လွှတ်စမ်းသပ်နေကြသည်မှာလည်း အာဂသတ္တိများ၊
ဗျတ္တိများပမာ ညီနေကြသည်။ အရှေ့သားတို့သည် ဓားခေတ်၊ လှံခေတ်၊ မြားခေတ်၌ သေနတ်နှင့် အနိုင်ကျင့်ခံခဲ့ရသည်။
တစ်ဖန် သေနတ်ကိုင်နိုင်ပြန်တော့လည်း နျူကလီးယားလက်နက်၊ မောင်းသူမဲ့လေယာဉ်ပျံများဖြင့်
နှိပ်စက်အနိုင်ကျင့်ခံနေကြပြန်သည်။ လွတ်လပ်ရေးရပြီး မြန်မာပြည်တွင် အကြမ်းဖက် ဆူပူသောင်းကျန်းသူများက
တစ်ပြည်လုံး ဖိမ့်ဖိမ့်တုန်အောင် အကြီးအကျယ်ထသည်။ ထိုစဉ် မြန်မာအစိုးရကို အမေရိကန်နှင့်
အင်္ဂလန်က လက်နက်မရောင်း။ သူပုန်များသည် လက်နက်အကောင်းစားများ ကိုင်ထားသည်။ ထိုစဉ်က အိန္ဒိယ၊
ယူဂိုစလားဗီးယား၊ အစ္စရေးတို့မှ လက်နက်ရ၍ တော်သေး၏။ အဆုံးတွင် အကြမ်းဖက် ဆူပူသောင်းကျန်းသူတို့
ရှုံးနိမ့်ခဲ့ရခြင်းမှာ ဤသည်ကြောင့်ဖြစ်သည်။
ငြိမ်းချမ်းရေးအတွက်
လက်နက်ဖျက်သိမ်းရေး ခဏခဏထအော်သည်။ တစ်ဖက်က ကမ္ဘာအနှံ့ စစ်ပွဲများ ဖန်တီးနေသည်။ အကြမ်းဖက်စစ်ပွဲများ
အပြန်အလှန် ကြောက်ခမန်းလိလိ အရှေ့အလယ်ပိုင်းမှာ နေ့စဉ် လက်နက်အသစ်အဆန်းများကြား သွေးချောင်းစီးကာ
သတ်ပွဲဝင်နေကြသည်။ အပြစ်မဲ့ အဘိုးအို၊ အဘွားအို၊ ကလေး၊ မိန်းမများ သေကြရသည်။ အဘယ်သူများကြောင့်
ထိုစစ်ပွဲများ ဖြစ်နေရသနည်း။ လက်နက်ရှင်နိုင်ငံကြီးများကလည်း ယင်းတို့အကြိုက် ခေါင်းညိတ်လိုက်လျောသူ
သြဇာခံ ဘယ်အဖွဲ့အစည်းကိုမဆို လက်နက်ခဲယမ်းမီးကျောက်ပေးသည်။ လျှိ့ဝှက်တစ်ဖုံ၊ ပေါ်ပေါ်ထင်ထင်တစ်ဖုံ
ကူညီပံ့ပိုးနေကြသည်။ ထိုသို့ဖြစ်ပါလျက် ငြိမ်းချမ်းရေးကို အလိုရှိသည်ဟု ဟစ်သည်မှာ သံသယဖြစ်ဖွယ်
တည်း။ ထို့ကြောင့် လက်နက်ဖျက်သိမ်းခြင်းသည် တွေးတောရခက် ဖြစ်နေသည်။
နျူကလီးယားစမ်းသပ်ခြင်းသည်ကား
အမှန်တော့ ခြိမ်းခြောက်ခြင်းတစ်ပါး ဖြစ်သည်။ ငါတို့လည်း ဒီလိုဗုံး၊ ဒုံးပျံလွှတ်နိုင်သည်ကို
ပြသခြင်း၊ တစ်နည်း အားပြိုင်ခြင်း ဖြစ်သည်။
တန်ခိုးကြီးသောနိုင်ငံဟူသည်
လက်နက်အင်အား တောင့်တင်းခိုင်မာသော တိုင်ပြည်ကိုလည်း ခေါ်သည်။ လက်နက်အင်အား တောင့်တင်းမှသာလျှင်
တစ်ဖက်ရန်သူကို ခုခံနိုင်မည်။ နိုင်အောင်တိုက်ခိုက်မည်။ ဤသည်မှာ အင်အားဖြစ်သည်။
တိုင်းပြည်တန်ခိုးအင်အားအစစ်မှာ
ဤသို့ဖြစ်သည်။ မိမိတိုင်းပြည်မှ စားနပ်ရိက္ခာ၊ ကောက်ပဲသီးနှံများ လုံလောက်ပိုလျှံနေ၍
တစ်ခြားတိုင်းပြည်များသို့ အမြောက်အမြား တင်ပို့နိုင်သည်။ အ၀တ်အထည်များမှာလည်း တိုင်းပြည်အတွက်
လုံလောက်ပိုလျှံ၍ အခြားတိုင်းပြည်သို့ တင်ပို့နိုင်သည်။ တိုင်းပြည်လိုအပ်ချက်ပစ္စည်းများ
လုပ်ကိုင်နိုင်ရမည်။ ထွက်ကုန်တန်ဖိုးထက် ၀င်ကုန်တန်ဖိုးကို မများစေရ။
နိုင်ငံ၌ သန်းချီ၍
ကြွယ်ဝချမ်းသာသောသူများစွာရှိ၍ သူတို့၏ ရွှေငွေများကို အစိုးရဘဏ်များ၌သာ ရှိပြီးလျှင်
အစိုးရက အကြောင်းကိစ္စရှိသောအခါ ထိုငွေများကို လှည့်သုံးနိုင်ခွင့်ရှိရမည်။ တိုင်းပြည်နှင့်
လူမျိုးကို ချစ်ခင်သည့် ချမ်းသာကြွယ်ဝသူများရှိရမည်။ သူတို့သည် မိမိတို့ကား တိုင်းပြည်လူမျိုးအတွက်သာ
ချမ်းသာကြွယ်ဝရသည်ဟု သဘောတရား ပြည့်ဝသူများ ဖြစ်ရမည်။ ရန်သူကိုတွန်းလှန် ဖြိုဖျက်နိုင်သော
လက်နက်ကောင်းများရှိရမည်။ ဤသည်တို့နှင့် ပြည့်စုံမှသာ တန်ခိုးရှိသည့်တိုင်းပြည် ဖြစ်ပေမည်။
လူဦးရေအလွန်နည်းသော
ကျွန်ုပ်တို့တိုင်းပြည်အတွက် နောင်ရေး ရင်မလေးစေရန် မြန်မာတို့သည် သားသမီး မြောက်မြားစွာ
မွေးဖွားရန် အထူးစီမံရတော့မည်။ ကျွန်ုပ်တို့နိုင်ငံတော်သည် တိုင်းပြည်အကျယ်အ၀န်း၊ တိုင်းပြည်အနေအထား၊
တိုင်းပြည်တန်ဖိုးနှင့်စာသော် အလွန့်အလွန် လူဦးရေနည်းနေ၍ ကျူးကျော်စော်ကားသိမ်းသွင်းလာခဲ့သော်
လက်နက်အား ဥာဏ်အားနှင့်သာ တွန်းလှန်ဖြိုဖျက်နိုင်မည်။
လူကိုယုံသော် လေးပုံသုံးပုံ
သူ၏အစီးကိုခံရပြီဟု ပညာရှိသူတို့ဆိုသည်။ အခြားတိုင်းပြည်ကို ယုံကြည်သောတိုင်းပြည်သည်
မိမိတိုင်းပြည်ကို ထိုတိုင်းပြည်သို့ ထိုးအပ်ရာရောက်သည်။ ထိုသို့ ထိုးအပ်ရသော်လည်း
ကိုလိုနီခေတ်မှာသကဲ့သို့ ထိုတိုင်းပြည်ကလာ၍ အုပ်စိုးမည်မဟုတ်။ မိမိတိုင်းပြည်သည် ထိုတိုင်းပြည်၏စားကျက်ကြီးတစ်ခု
ဖြစ်လာရပေမည်။ ထိုအခါ ကိုလိုနီစနစ်ထက် ဆိုးဝါးသောဘ၀မျိုးကို တွေ့ရမည်။ ရာဇ၀င် ပူပူနွေးနွေးကို
လှန်ကြည့်မိပါသည်။ အလောင်းမင်းတရားလက်ထက် အင်္ဂလိပ် ပင်လယ်ဓားပြလောက်ကို အလောင်းဘုရား
မမှု။ ထိုစဉ်က မြန်မာ့အာဏာစက်မှ အာသံပြည်၊ ဗြဟ္မပုတ္တရမြစ်အလယ်အထိ ပျံ့နှံခဲ့သည်။
ဘကြီးတော်ဘုရားလပ်ထက်
ဒေါ်မယ်နုကို မိဖုရားကြီးမြှောက်မှုကြောင့် နန်းတွင်းနှစ်ခြမ်းကွဲရသည်။ တိုင်းပြည်တစ်ပြည်မှ
ခေါင်းကြီးပိုင်းကကွဲလျှင် ပြည်လဲတတ်သည်။ မလဲစေကာမူ ပြည်မွဲရတတ်သည်။
သီပေါမင်းလက်ထက်တော်တွင်
စုဖုရားလတ်နှင့် မှူးမတ်တစ်စု၊ မယ်တော် ဆင်ဖြူရှင်မနှင့် မှူးမတ် တစ်စုတို့ ကွဲ၍ တိုင်းပြည်နှင့်လူမျိုးသည်
သူ့လက်အောက်သို့ ရောက်ခဲ့ရသည်။ ဤသို့ဖြင့် ငါတို့သည် သူ့ကျွန်မဖြစ်တန်ဘဲနှင့် ဖြစ်ရသည်။
တိုင်းပြည်နှင့်လူမျိုး အထက်တန်းရောက်၍ တန်ခိုးကြီးနိုင်ရန် မည်သည့်တိုင်းပြည်ကိုမျှ
မယုံနှင့်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်၍ လမ်းသွားရမည်။
လူတစ်ဦးနှင့်တစ်ဦးသာလျှင်မဟုတ်
တစ်ပြည်နှင့်တစ်ပြည် ချစ်ကြည်မှုသည် ယနေ့ မဟာမိတ်၊ မနက်ဖြန် ရန်သူကြီးတမျှလည်း ဆက်ဆံသင့်
ဆက်ဆံရတတ်သည်။
အချုပ်၌ ကမ္ဘာတွင်
တိုင်းပြည်များ တန်ခိုးထွားခြင်းမှာ -
တိုင်းပြည်သည် ချမ်းသာကြွယ်ဝ၍
အစိုးရသည် ချမ်းသာကြွယ်ဝရမည်။ ကတိမြဲ၍ တည်ကြည် မှန်ကန် အင်အားရှိသော မဟာမိတ်ကောင်း
ထားရမည်။
ခေတ်မီလက်နက်ကောင်းရှိရမည်။
ထုတ်လုပ်နိုင်သော အရည်အချင်း အဆင့်မြင့် နည်းပညာများ ရှိရမည်။
ဘယ်အခါမဆို အချင်းချင်းတွင်
အသာမလိုချင်ကြဘဲ အနာခံနိုင်သမျှ ခံကြမှ မျှတခြင်းဖြစ်၍ အသာစံရပြီးသော် တန်ခိုးအင်အား
ကြီးမာသော တိုင်းပြည်၊ လူမျိုးဖြစ်နိုင်သည်။
စာပေသည်လည်း တန်ခိုးရှိပါသည်။
တန်ခိုးရှိသော တိုင်းပြည်များမှာ စာပေများသည်လည်း မြင့်မားကြပါသည်။
တိုင်းပြည်များသည်
လူ့သဘောတရားကို နားလည်ကျင့်သုံးတတ်၍ တရိပ်ရိပ် တိုးတက်လာခြင်းသာလျှင် တိုင်းပြည်များ၏တန်ခိုးပေတည်း။

No comments:
Post a Comment