“ကျွန်ုပ်တွင် ဆရာဝန်နှစ်ဦးရှိသည်။
ယင်းတို့မှာ ကျွန်ုပ်၏ ဘယ်ခြေထောက်နှင့် ညာခြေထောက် ဖြစ်၏” ဟူ၍ အမေရိကန်စကားပုံတစ်ပုံ
တစ်ခုရှိ၏။ ရှေးလူကြီးသူမများသည် လမ်းလျှောက်ခြင်းအကျိုးများကို လက်ခံယုံကြည်အားထားကြသည်။
လမ်းဟူသည် လျှောက်တတ်ပါက အကောင်းဆုံး အားကစားလေ့ကျင့်ခန်းတစ်ခု ဖြစ်လေသည်။ လောကဓာတ်ဆေးသိပ္ပံ၌လည်း တက်တက်ကြွကြွ လမ်းလျှောက်ခြင်း၏ အကျိုးတရားများကို
ခိုင်မာသောဆေးပညာအချက်အလက်များဖြင့် မှန်ကန်တိကျစွာ ဖော်ထုတ်ထားလေသည်။
လမ်းလျှောက်သည်ဟုဆိုရာ၌လည်း လမ်းလျှောက်ခြင်းသည် မည်ကာမတ္တ မဟုတ်ပေ။ တက်တက်ကြွကြွ၊ သွက်သွက်လက်လက် တစ်ကိုယ်တည်း ဟန်ချက်ညီညီလျှောက်ရန် လိုပါသည်။ အမေရိကန်ဆေးသိပ္ပံအဖွဲ့၏ အားကစားနှင့် ကိုယ်လက်ကြံ့ခိုင်မှုဆိုင်ရာကော်မတီက “တက်တက်ကြွကြွလမ်းလျှောက်ခြင်းသည် အရိုးဆုံးနှင့် အကောင်းဆုံးသော အားကစားလေ့ကျင့်ခန်းတစ်ခုဖြစ်သည်” ဟုဆိုထား၏။
တစ်နည်း လမ်းလျှောက်ခြင်းသည် လူတိုင်းအတွက် အလွယ်ကူဆုံး လေ့ကျင့်ခန်းဖြစ်ပြီး ဖိနပ်ကောင်းကောင်းမှတစ်ပါး အခြားပစ္စည်းမလိုဘဲ ဒေသမရွေး၊ ရာသီဥတုမရွေးသည်အထိ ပြုလုပ်သွားနိုင်သော လေ့ကျင့်ခန်းတစ်ခုဖြစ်၏။ သို့သော် နှေးကွေးလေးလံစွာ လမ်းလျှောက်ခြင်း၊ ဈေးဝယ်ခြင်းမှသည် လမ်းလျှောက်ခြင်းကို အားကစားလှုပ်ရှားမှုအသွင်သို့ ဆောင်နိုင်၏။ လူတိုင်းတွင် လမ်းလျှောက်ဟန် ကိုယ်စီရှိကြ၏။ တစ်နေ့အတွင်း မိမိရပိုင်ခွင့်ဖြစ်သော လမ်းလျှောက်ပိုင်ခွင့်ကို အကျိုးရှိရှိ အသုံးချခြင်းဖြင့် လူသတ္တဝါအတွက် အလွန်သဘာဝကျသော အလေ့အကျင့်ကို ကျင့်ယူရမည်
ကျန်းမာသော်လည်း စိတ်မပျော်ရွှင်ဖြစ်နေသည့် လူတစ်ဦးအတွက် ငါးမိုင်ခန့် တက်တက်ကြွကြွ လမ်းလျှောက်ခြင်းသည် ကမ္ဘာပေါ်ရှိ အားလုံးသောဆေးဝါးများနှင့် စိတ်ပညာတို့ထက် ပို၍ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် လမ်းလျှောက်ခြင်းသည် သွေးလှည့်ပတ်မှုကို ပို၍အားကောင်းစေမည် မဟုတ်ပါလော။
နေ့စဉ်မှန်မှန်လမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းသို့ အောက်ဆီဂျင်ဓါတ်ပို၍ရောက်ရှိခြင်း၊ နှလုံးကိုပို၍ လေ့ကျင့်ပေးနိုင်ခြင်း၊ သွေးလှည့်ပတ်မှုပို၍ ကောင်းမွန်လာစေခြင်းစသော အကျိုးများကို ရရှိနိုင်သည် လူ၏ကြွက်သားများသည် သွေးကိုနှလုံးသို့ပြန်ရောက်ရန်ကူညီသော သွေးညှစ်ပို့ကိရိယာကဲ့သို့ ဆောင်ရွက်နေ၏။ လူ၏ခန္ဓာကိုယ်တွင် ခြေထောက်ရှိကြွက်သားများသည် အကြီးဆုံးနှင့် အားအရှိဆုံးဖြစ်သဖြင့် ယင်းတို့၏လုပ်ဆောင်ချက်သည် အလွန်အရေးပါ၏။
အကယ်၍ ထိုကြွက်သားများကို များစွာအသုံးမပြုပါက ယင်းတို့သည် သွေးကို နှလုံးသို့ပြန်ရောက်အောင် အားဖြင့်ညှစ်ပို့ခြင်း ပြုတော့မည်မဟုတ်ပေ။ ထို့ကြောင့် ခြေလှမ်းတိုင်းသည် အရေးကြီးပါသည်။
ခန္ဓာကိုယ်အတွင်းမှ သွေးကြောများကို ကြွက်သားများက အလုပ်အကျွေးပြုနေသည်။ စိတ်ကို ကြည်လင်လန်းဆန်းစေရန် လမ်းလျှောက်ပေးရမည်။ လမ်းလျှောက်ခြင်းဖြင့် စိတ်ကို ကြည်လင်စေပြီး ယုတ္တိဗေဒနှင့် ဒဿနိကဗေဒဆိုင်ရာ ပြဿနာများ ဖြေရှင်းရာတွင် အထောက်အကြူုပုသည်။ စိတ်ကြည်လင်လန်းဆန်းခြင်းကြောင့် ရိုးရိုးအာရုံအသိစိတ်သာမက အလှအပကိုပါ ခံစားတတ်သော အထူးသိစိတ်သည်လည်း ပေါ်လွင်လာပါသည်။
ဘဝတစ်လျှောက် သောကကင်းဝေး၍ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ရန် အချိန်မှန် လမ်းလျှောက်ရပါမည်။ လမ်းလျှောက်ခြင်းသည် စိတ်ဆိုးလည်း ပြေစေပါသည်။ မကျေနပ်မှုများကို ထိုင်၍မျိုသိပ်နေကာ ခံစားနေရမည့်အစား လမ်းထလျှောက်ခြင်းဖြင့် ကာကွယ်ကြည့်ပါ။ ထူးခြားသောအကျိုးကို ရပါလိမ့်မည်။
အထူးသဖြင့် ညနေခင်း၌ အတော်ဝေးဝေးလမ်းလျှောက်ခြင်းသည် အိပ်ဆေးသောက်ခြင်း၊ အရက်သောက်ခြင်း၊ ရုပ်မြင်သံကြားကြည့်ခြင်းတို့ထက် ပို၍ နှစ်ခြိုက်စွာအိပ်ပျော်နိုင်စေ၍ သတ္တဝါအားလုံးကို မေတ္တာပို့ပြီးမှ အိပ်သည့်အလေ့အထပါ ပူးတွဲကျင့်ကြည့်ပါ။ အိမ်မက်တို့သည်လည်း ထာဝရ လန်းဆန်းနေပါလိမ့်မည်။
လမ်းလျှောက်ခြင်းသည် နေ့စဉ်အလေ့အကျင့်တစ်ခုဖြစ်ပါက ခန္ဓာကိုယ်ကျင့်သားရလာပြီး ယင်း၏ဆုလာဘ်များကို တစ်ပွေ့တစ်ပိုက်ခံစားလာရမည်။ အမြဲမှန်မှန် လမ်းလျှောက်သူများအဖို့ ၀မ်းနုတ်ဆေးသုံးရန်မလိုပေ။ လမ်းလျှောက်ခြင်း၏အကျိုးကြောင့် ကျောပိုင်းရှိကြွက်သားများသည် အကိုက်အခဲဝေဒနာများကို အိုသည့်အချိန်၌ပင် ခုခံနိုင်ပြီး ခန္ဓာကိုယ် ကွေးညွတ်ရွေ့လျားရာတွင်လည်း လွယ်ကူစေသည့်အပြင် ကျင့်သားရနေသောခန္ဓာကိုယ်သည် အလွယ်တကူညောင်းညာခြင်း၊ မောပန်းခြင်းမဖြစ်ပေ။ အားစိုက်၍ အလုပ်လုပ်ရသော်လည်း မောပန်းနွမ်းနယ်မှုမဖြစ်အောင် သိုမှီးထားသောအင်အားများက ပြန်လည်အားဖြည့်ပေးသည်။ (သြစတေးလျတိုက်အောက်ပိုင်း လွင်တီးခေါင်ဒေသများတွင် ရှေးဦးစွာ အခြေချနေထိုင်သူများသည် အစာရေစာရှာဖွေရန် မိုင်ပေါင်းများစွာ လမ်းလျှောက်၍ သွားနေရသော်လည်း မောပန်းဟန်မရှိခြင်းမှာ ဤသဘောပင်ဖြစ်သည်)။ ဤကဲ့သို့ အလွယ်တကူ ပင်ပန်းမှုမှ ကာကွယ်ပေးခြင်းသည် အားစိုက်လုပ်ကိုင်နေစဉ်အတွင်း အာရုံစူးစိုက်မှုဖြစ်စေရုံမျှမက လိုအပ်သောအခါ ရရှိနိုင်ရန် အင်အားအပိုထားရှိခြင်းလည်း မည်ပေသည်။
နေ့စဉ်မှန်မှန် လမ်းလျှောက်ခြင်းသည် လူ့သက်တမ်းကိုရှည်စေသည်ဟူသောအဆိုကို ကျွမ်းကျင်သူများ သတိပြုမိ၏။ ထိုအဆိုပြုချက်အတွက် ခိုင်မာသော သက်သေမရှိသော်လည်း ပြောနိုင်သည်မှာ နေ့စဉ်မှန်မှန် တက်တက်ကြွကြွ လမ်းလျှောက်ခြင်းကြောင့် လူကို နုပျိုစေပါသည်။
တက်တက်ကြွကြွ လမ်းလျှောက်ခြင်း၏ အဓိက အားသာချက်မှာ ကြိုတင်အစီအစဉ်လုပ်ထားရန် မလိုဘဲ လူ၏နေ့စဉ်လုပ်ငန်းများတွင် ရောနှော၍ လုပ်ဆောင်လိုက်ရုံနှင့် လုံလောက်ပါသည်။ ကိစ္စတစ်ခုဖြင့် သွားစရာရှိလျှင် အမြန်လမ်းလျှောက်၍ သွားနိုင်သည်။ ထိုနည်းနှင့် အိမ်မှဈေး၊ ကားမှတ်တိုင်၊ မိမိ အလုပ်လုပ်သောနေရာသို့ သွားရာတွင်လည်း အမြန်လမ်းလျှောက်၍ သွားသည့်အလေ့အထကို ကျင့်နေ ရမည်။
ထိုသို့ တက်တက်ကြွကြွ လမ်းလျှောက်ခြင်းဖြင့် လေးလံထိုင်းမှိုင်းမှုကို လျော့ပါးစေနိုင်သည်။ သင်၏စိတ်သည် ပို၍ ကြည်လင်သန့်ရှင်းလာပြီး မျက်လုံးများသည်လည်း ပို၍ တောက်ပလာသည်ကို သင် သတိထားမိလိမ့်မည်။ ကြည်လင်နေသော မှန်ပြတင်းမှ အပြင်သို့ လှမ်းကြည့်လိုက်သကဲ့သို့ အင်အားသစ်များ သွန်းလောင်းပေးနေကြောင်း သိရှိလာပေလိမ့်မည်။ ထိုအကျိုးတရားများအားလုံး သင်တို့ကို လမ်းလျှောက်နိုင်သောခရီးက သက်သေပြပါလိမ့်မည်။

ကျန်းမာလျက် စိတ်မပျော်ရွှင်သူများ၊
သက်သောင့်သက်သာနှင့် အားကစားလိုက်စားလိုသူများ၊
ဝမ်းချုပ်နေသူများ၊ လေးလံထိုင်းမှိုင်းနေသူများ၊
စိတ်တို၊ စိတ်ရှုတ်နေသူများ၊ အရာရာအလိုမကျနေသူများ
. . .
လမ်းများများလျှောက်၍ ဘဝ၏ သာယာခြင်း၊ ကြည်နူးခြင်း၊ စိတ်ကြည်လင်လန်းဆန်းခြင်းတို့ကို အရယူနိုင်ကြပါစေ။

No comments:
Post a Comment