ဦးဝိစာရလမ်းဟူသည် မဟာရန်ကုန်မြို့၏
အထင်ကရ ပေတရာလမ်းမကြီးအဖြစ် ရန်ကုန်မြို့တော်သူ မြို့တော်သားတိုင်း သိကြပါသည်။ လွတ်လပ်ရေးမရခင်
ထိုလမ်းမကြီးကို ဗွိုင်းလမ်းဟု ခေါ်တွင်လေသည်။ အဘယ်ကြောင့် ဗွိုင်းလမ်းဟုခေါ်ဆိုရသနည်းဆိုသော် ကိုလိုနီနယ်ချဲ့
ဗြိတိသျှတို့ အင်္ဂလိပ်မြန်မာစစ်ပွဲတွင် စစ်ဦး၌ ဘီလူးနှင့်တူသော ရဲရဲတောက် မြန်မာ့စစ်သည်များ၏ဓားချက်ဖြင့်
ရွှေတိဂုံစေတီအနောက်ဘက် ရင်ဆိုင်တိုက်ပွဲတွင်ကျဆုံးသော အင်္ဂလိပ်စစ်ဗိုလ်ကြီး လက်ဖတင်နင်ဗွိုင်း၏အထိမ်းအမှတ်အဖြစ်
ထိုလမ်းကို ဗြိတိသျှအစိုးရနှင့် ရန်ကုန်မြူနီစီပယ်အဖွဲ့က အမည်ပေးခဲ့ခြင်းဖြစ်သည်။
ထိုမှတဖန် ကျွန်ဘဝမှလွတ်မြောက်၍ ဗမာ့ခေတ်သို့ရောက်သော်
သာသနာတော်အရေး၊ နိုင်ငံတော်အရေးကို အသက်စွန့်၍ဆောင်ရွက်ခဲ့သော မျိုးချစ်အာဇာနည် အရှင်ဦးဝိစာရအား
ဂုဏ်ပြုသောအားဖြင့် နှောင်းမျိုးဆက်သစ်မြန်မာတို့ အစဉ်ထာဝရ သတိတရ ဦးညွှတ်နိုင်အောင်
မျိုးချစ်စိတ်ဓါတ်ထက်သန်သော မြန်မာများကကြီးမှူး၍ မြောင်းမြမြို့ သူဋ္ဌေးဦးဘလှ၏ကောင်းမှုဖြင့်
ကျောက်တိုင်ကြီး စိုက်ထူပြီးလျှင် အရှင်ဦးဝိစာရကြေးရုပ်တော်ကြီးကို ပူဇော်ထားရှိရာ
ယနေ့တိုင် အထင်အရှား ဖူးမြှော်နေကြရခြင်းဖြစ်သည်။
ကိုလိုနီနယ်ချဲ့ အရင်းရှင် အာဏာရှင်ဟူသည်
နိုင်ငံအတွင်း အာဏာပိုင်များကိုမွေးထုတ်ကာ ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်ကိုထိပါးလာပါက
လူကိုလူခြင်း သက်ညှာခြင်းမရှိ၊ ပကတိပြတ်သားစွာ အကြွင်းမဲ့ ယုတ်မာရိုင်းစိုင်း ညှင်းပန်းနှိပ်ကွပ်
သတ်ဖြတ်လေ့ရှိကြပါသည်။ အာဏာရှင်စနစ်အောက်မှ မည်သည့်အာဏာပိုင်အစိုးရမျှ ကောင်းသည်ဟူ၍မရှိ။
တရားမရှိ အရှက်အကြောက်ကင်းစွာ နှိပ်ကွပ်တတ်လေသည်။
နိုင်ငံတော်၏နိုင်ငံရေးသည် ဖရိုဖရဲ
ပြိုကွဲပျက်စီးနေခြင်းကို မည်သည့်မထေရ် သံဃာတော်မြတ်ကြီးများမှ မျက်နှာမလွဲနိုင်ချေ။
အထူးသဖြင့် တိုင်းပြည်ကို တစ်သွေးတစ်သံတစ်မိန့်ဖြင့် မိန့်မိန့်ကြီး စီးပိုးနှိပ်စက်
အုပ်ချုပ်နေသောအာဏာရှင်နှင့် အပေါင်းအပါအာဏာပိုင်အစိုးရကိုမူကား မိမိအသက်ကိုပင်ပဓာနမထားဘဲ
မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေးစိတ်ဓာတ်များကို ရှင်သန်နိုးကြားစေရန် ဆောင်ရွက်ခဲ့သော
အရှင် ဦးဝိစာရမထေရ်မြတ်ကြီးကို ကျွန်ုပ်တို့ ဗမာတစ်မျိုးသားလုံးသည် မမေ့အပ်ချေ။
၁၉၂၉ ခု၊ စက်တင်ဘာလ ၁၀ ရက် မြန်မာသက္ကရာဇ်
၁၂၉၁ ခု တော်သလင်းလဆုတ် ၂ ရက်နေ့တွင် ထောင်အတွင်း၌ ၁၆၆ ရက် ဆွမ်းမစား၍ ပျံလွန်တော်မူခဲ့သည်မှာ
ယနေ့ဆိုလျှင် ၈၄ နှစ်ပြည့်ခဲ့လေပြီ။ သို့သော် ကျွန်ုပ်တို့သည် လုံးဝမေ့မရကြပါ။ လွတ်လပ်ရေးကို
မြတ်နိုးကြသူတိုင်းသည် တိုင်းပြည်အတွက် အသက်ပေး၍ကာကွယ်ခဲ့ကြသော တော်လှန်ခဲ့ကြသော အာဇာနည်သူရဲကောင်းမှန်သမျှကို
ဦးညွတ်အလေးပြုရန် ဗမာတစ်မျိုးသားလုံး၌ တာဝန်ရှိလေသည်။
အာဇာနည်အရှင် ဦးဝိစာရသည် မုံရွာခရိုင်
အမြင့်မြို့ အနိမ့်ကိုးရွာအပါအဝင် ကမ်းနိမ့်ရွာနေ ကျောင်းဒကာကြီး ဦးပြား၊ ကျောင်းအမကြီး
ဒေါ်ဇလပ်တို့၏သား ဖြစ်သည်။ ထိုအရှင်ဦးဝိစာရဖြစ်လာမည့် သားရတနာကို ၁၂၅၀ ခု၊ နှောင်းတန်ခူးလပြည့်ကျော်
၈ ရက်နေ့၊ ညသုံးချက်တီးကျော် ၉ ရက် ဗုဒ္ဓဟူးနေ့သို့ အရောက်တွင် ဖွားမြင်၏။ ထိုသားရတနာ၏ငယ်မည်ကို
မိဘများက မောင်လှကျော်ဟု မှည့်ကြလေသည်။
အရွယ်ရောက်သော် အင်းနားရွာဆရာတော်ထံ
ပညာသင်ကြားရန်အပ်နှံ၍ ၁၆ နှစ်တွင်ရှင်ပြုကာ အင်းနားဆရာတော်က ရှင်ဝိစာရဟု ဘွဲ့မည်ပေး၏။
ရှင်ဝိစာရသည် သာမေဏေအဖြစ်ဖြင့် လေးဝါတိုင်တိုင် သဒ္ဒါ၊ သင်္ဂြိုလ်၊ အဘိဓာန်၊ ဝိနည်းပါဠိတော်၊
ကင်္ခါအဋ္ဌကထာ၊ ဋီကာကျော်ကျမ်းများကို ပေါက်မြောက်အောင် ကြိုးစားသင်ကြားခဲ့၏။ အသက် ၂ဝ ပြည့်သောအခါ
ကမ်းနိမ့်ရွာ သုံးပန်လှဘုရားကြီးသိမ်တွင် ဘုံပျံဆရာတော်ကြီးအားဥပဇ္ဈာယ်ပြု၍ ရဟန်းခံ၏။
ရဟန်းခံပြီးနောက် ပျဉ်းမနားမြို့ ကန်ဦးကျောင်းတိုက် မန္တလေးမြို့ ရွှေရေးဆောင်တိုက်၊
ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ ကြည်မြင်တိုင် ဝေဠုဝန်တိုက်များတွင် ပိဋကတ်တော် ပါဠိ
အဋ္ဌကထာ ဋီကာများကို ၁၀ နှစ်မျှသင်အံပို့ချ၍ စာတတ်ပုဂ္ဂိုလ်ဟု ကျော်ကြားတော်မူ၏။
တောက်မည့်မီးသည် တရဲရဲတည်း။ အရှင်ဦးဝိစာရသည်
ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၌နေစဉ် ကမ္ဘာကျော် အရှင်ဦးဥတ္တမကိုယ်တော်ကြီးအား အင်္ဂလိပ်အစိုးရက
နိုင်ငံရေးတရားဟောပြောမှုဖြင့် ဖမ်းဆီးထောင်ချ အပြစ်ပေးခြင်းကို ကြားသိရခြင်းကြောင့်
နိုင်ငံရေးတွင် စိတ်ပါဝင်စားလာခဲ့လေသည်။ ၎င်းနောက် သံဃသမဂ္ဂီအဖွဲ့သို့ ဝင်ရောက်ပြီးလျှင်
နိုင်ငံရေးတရားကိုဟောကြား၍ ဝံသာနုအသင်းများကို စည်းရုံးခဲ့လေသည်။ စည်းလုံးစေခဲ့လေသည်။
မကြောက်တရားကို ဟောကြားခဲ့လေသည်။ ထို့ကြောင့် မျက်နှာဖြူနယ်ချဲ့အစိုးရ၏ပစ်မှတ် ဖြစ်ခဲ့ရတော့သည်။
လှိုင်းတံဘိုးထစပြုနေသော မြန်မာ့နိုင်ငံရေးသည်
၁၉၂၂ ခုနှစ်တွင် ဂျီစီဘီအေအသင်းချုပ်၌ ၂၁ ဦး ခေါင်းဆောင်များသည် လှိုင်ပုကျော်တို့
ဒိုင်အာခီအုပ်ချုပ်ရေးနှင့်ပတ်သက်၍ အမတ်ရွေးပွဲကို ဝင်သင့် မဝင်သင့် သဘောကွဲကြ၏။ ထိုအခါ
ဦးဝိစာရက မဟာဝိသုတာရာမတိုက် ဓမ္မကထိကအဖွဲ့ အစည်းအဝေးတွင် ‘ဒိုင်အာခီရွေးကေက်ပွဲကို
သပိတ်မှောက်ပါ’ ဟု တိုက်တွန်းခဲ့၏။
ဤတွင် နိုင်ငံရေးနှင့် ဘာသာရေး ထိပ်တိုက်တွေ့ရတော့သည်။
လောကတွင် အဖြူ အမဲ ရှိသကဲ့သို့ တချို့သောသူတို့က ဘာသာရေးသည်ဘာသာရေး၊ နိုင်ငံရေးသည်နိုင်ငံရေးဟူ၍
တွေးခေါ်ကြသည်။ အမှန်တကယ် သံဃာဟူသည် ပရိယတ္တိနှင့် ပရိပတ္တိသာ တာဝန်ရှိ၍ ထိုတာဝန်ကို ဓမ္မတာဝန်အဖြစ်
ရဟန်းတို့သည် ကျင့်ကြံရမည်ဖြစ်သော်လည်း၊ မိမိ၏ပစ္စည်းလေးပါးဒါယကာ ဒါယိကာမတို့၏ စိတ်နှလုံးကြေကွဲကာ
မတရားဖိနှိပ် ချုပ်ချယ်ခံနေရခြင်းကို အဘယ်ရဟန်းသံဃာတို့သည် ကျောခိုင်း၍ တောထွက်ရမည်နည်း။
ဗမာသည် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာသည် ဗမာဖြစ်နေသကဲ့သို့
ဗမာနိုင်ငံရှိ သံဃာတော်များသည် ပြည်သူလူထုနှင့် အနီးကပ်ဆုံးများ ဖြစ်ကြသည်။ ပြည်သူတို့၏ဆင်းရဲမှု၊
ချမ်းသာမှုသည် ရဟန်းသံဃာတော်တို့အား ချက်ချင်းထိခိုက်ပါသည်။ ထို့ကြောင့် ပြည်သူတို့၏
ဆင်းရဲကြပ်တည်းမှု၊ မလွတ်လပ်မှု၊ မလုံခြုံမှု၊ အကာအကွယ်ကင်းမှု၊ မတရားခံရမှုများကို ရဟန်းသံဃာတို့သည်
ပထမဦးစွာ တွေ့သိရသည်။ ထိုအခါ ရဟန်းသံဃာတို့သည် ပြည်သူလူထုအား မေတ္တတရားရှေ့ထား၍ ကယ်တင်ရန်
မားမားမတ်မတ် ရပ်ရပေတော့မည်။ ဤသို့ဖြင့် ရဟန်းသံဃာများ နိုင်ငံအရေး ဝင်ရောက်လာရခြင်းသည်
သမိုင်းပေးတာဝန်တစ်ရပ်သာ ဖြစ်တော့လေသည်။ ဆိုရသော် သမိုင်း၏လိုအပ်ချက်ပင် ဖြစ်ပေသည်။
ယနေ့ခေတ် ရွှေဝါရောင်တော်လှန်ရေးက သက်သေပြနေပါတော့သည်။
ထိုသို့ရှိစဉ် ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်ဆရာတော်ဘုရားကြီး
ဦးပညာက ယခင်က အသင်းများဖွဲ့စည်း၍ ငါးပါးသီလမြဲရန်၊ အကုသိုလ်ကိုမပြုရန် ဆောင်ရွက်ကြသဖြင့်
မည်သို့မျှမပြောဘဲ နေခဲ့သည်။ ယခုသော် အသင်းများသည် နိုင်ငံရေးကြောင့် ဝါဒအမျိုးမျိုးကွဲပြားနေပြီး
ထိုဝါဒကွဲပြားနေခိုက် တစ်စုံတစ်ခုကိုဆုံးဖြတ်လိုလျှင် တိုက်တွင်းရှိသံဃာများလည်း စိတ်ဝမ်းကွဲပြားရန်အကြောင်းရှိသည်။
ငါတို့၏ရည်ရွယ်ချက်သည် ပရိယတ္တိသာသနာကို ချီးမြှောက်ရန်သာဖြစ်သောကြောင့် သပိတ်မှောက်သင့်
မမှောက်သင့်ကိစ္စကို တိုက်တွင်း၌ မဆုံးဖြတ်စေလိုကြောင်းနှင့် ဆုံးမ၏။ ဤသည်မှာလဲ အမှန်တရားတစ်ခု
ဖြစ်လေသည်။
အမျိုးကိုထိ မချိအောင်နာတတ်သော အာဇာနည်ဘွား
အရှင်ဦးဝိစာရသည် အလွန် စိတ်အားထက်သန်သည့်အလျှောက် ဒိုင်အာခီကို သပိတ်မမှောက်ရလျှင်
ဤတိုက်၌မနေလိုဟု အခြားသဘောတူရာ နိုင်ငံရေးဓမ္မကထိကရဟန်းပုဂ္ဂိုလ်အချို့နှင့် တိတ်တဆိတ်ညှိနှိုင်း၍
ပခုက္ကူ မဟာဝိသုတာရာမတိုက်မှ စီတန်းထွက်ခွာသွားကြလေသည်။
ဤသို့ဖြင့် အိပ်မောကျနေသော ဗမာတမျိုးသားလုံးကို
အမျိုးသားရေးစိတ်ဓါတ် ရှင်သန်ထက်ကြွ နိုးကြားလာစေရန် ဦးဝိစာရသည် အစွမ်းကုန်ကြိုးစားကာ
ကိုယ်ကျိုးစွန့် အနစ်နာခံလေတော့သည်။
ဦးဝိစာရသည် အရှင်ဦးဥတ္တမကိုယ်တော်ကြီးနှင့်အတူ
အိန္ဒိယပြည် ဂါယာမြို့တွင်ကျင်းပသော ကွန်ဂရက်အစည်းအဝေးသို့တက်ရောက်၍ အိန္ဒိယပြည်၌ နှစ်နှစ်မျှသီတင်းသုံးရင်း
နိုင်ငံရေးကို လေ့လာတော်မူသည်။
၁၉၂၆ ခု၊ အောက်တိုဘာလ မြန်မာသက္ကရာဇ်
၁၂၈၈ ခု သီတင်းကျွတ်လတွင် သာယာဝတီစီရင်စု သာရဝေါတိုက်နယ်၊ ဒနော်ညောင်ကုန်းရွာသို့ တရားဟောရန်
ကြွ၏။ ထိုရွာသို့ရောက်သောအခါ သာယာဝတီအရေးပိုင်က ပုဒ်မ ၁၄၄ အရ `မောင်မင်း နာခံရမည်၊
မောင်မင်းသည် သာယာဝတီခရိုင်၌ ၂ လအတွင်း တရားမဟောရ´ ဟူသောအမိန့်စာကို ဦးဝိစာရအား ပေး၏။
ဦးဝိစာရသည် စီရင်စုတိုင်းဆိုင်ရာ အထူးအကျိုးဆောင်သံဃအဖွဲ့၏ဆုံးဖြတ်ချက်အရ ထိုအမိန့်ကိုမနာခံဘဲ
အာဏာဖီဆန်၍ တရားဟောလေ၏။
ထို့ကြောင့် ၁၉၂၆ ခု နိုဝင်ဘာလ ၁ ရက်၊
မြန်မာသက္ကရာဇ် ၁၂၈၈ ခု သီတင်းကျွတ်လဆုတ် ၁၁ ရက်နေ့တွင် ရေငံရွာမှ အုတ်ဖိုမြို့သို့
တရားဟောရန် မော်တော်ကားစောင့်နေခိုက် ဆရာတော်ဦးဝိစာရကို အရေးပိုင်အမိန့်ဖြင့်ဖမ်းဆီး၍
ရုံးတွင်စစ်ဆေးပြီး အလုပ်မဲ့ထောင်ဒဏ် နှစ်လ အပြစ်ပေးလိုက်သည်။ ထို့နောက် ရန်ကုန်ထောင်သို့
ပို့၏။ နှစ်လပြည့်ခါနီးမှ သာယာဝတီထောင်သို့ ပြန်ပို့ပြန်သည်။ သာယာဝတီထောင်တွင် တစ်ညထားပြီး
နောက်တစ်နေ့တွင် ထောင်မှလွှတ်ပေးသည်။
ထောင်မှလွှတ်သည်ဆိုသော်လည်း ထောင်ဝမှတဖန်
ထပ်မံ ဖမ်းဆီးပြန်၏။ ဖမ်းဆီးသော ဝရမ်းစာတွင် ဒနော် ညောင်ကုန်းရွာ၌လည်းကောင်း၊ အင်းရွာ၌လည်းကောင်း
တရားဟောရာတွင် အစိုးရအား အကြည်ညိုပျက်အောင် လှုံ့ဆော်ဟောပြောခြင်းကြောင့် ရာဇသတ်ပုဒ်မ
၁၂၄(က)အရ ဖမ်းဆီးသည်ဆို၍ သာယာဝတီအချုပ်ထောင်သို့ပို့၏။
သာယာဝတီအချုပ်ထောင်တွင်နေရစဉ် ဆရာတော်ဦးဝိစာရသည်
သာယာဝတီအရေးပိုင်ထံ သိမ်ရှိရာအရပ်သို့ ပုလိပ်အစောင့်ဖြင့် သွားခွင့်ပြုပြီးလျှင် ရဟန်းတို့ဝိနည်းအရ
ဥပုသ်ပြုခွင့် အချိန်တစ်နာရီပေးရန် စာတင်၏။ အရေးပိုင်က ခွင့်မပြုနိုင်ကြောင်း စာပြန်၏။
ဥပုသ်ပြုခွင့်မရလျှင် ဆွမ်းမစားဟုနေခဲ့ရာ ငါးရက်ကြာသောအခါ ရန်ကုန်ထောင်သို့ မော်တော်ကားနှင့်ပို့၏။
ရန်ကုန်ထောင်တွင် ရက်ပေါင်း ၄၀ မျှကြာသောအခါ ဥပုသ်ပြုခွင့်ရလေ၏။
ရန်ကုန်ထောင်တွင် ခြောက်လအချုပ်ခံရပြီးနောက်
၁၉၂၇ ခု မေလ ၆ ရက်၊ မြန်မာသက္ကရာဇ် ၁၂၈၉ ခု ကဆုန်လဆန်း ၆ ရက်နေ့တွင် အင်းစိန်ရုံး၌အစစ်ခံရန်
ပုလိပ်တို့က လာခေါ်သည်။ အရှင်ဦးဝိစာရက သာယာဝတီတွင်ဖြစ်ပွားခဲ့သောကိစ္စကို သာယာဝတီတွင်
စစ်ဆေးရမည်။ အင်းစိန်တွင်အစစ်မခံလိုဟု မိန့်ကြား၍ မလိုက်ဘဲနေလေ၏။ နောက်တနေ့တွင် နိုင်ငံကြီးသားပီသပါသည်ဟု
ဆိုကြသော လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားတတ်ကြပါသည်ဆိုသော အင်္ဂလိပ်လူမျိုး ရာဇဝတ်ဝန်တဦးနှင့်
ပုလိပ်များ လာရောက်ပြီးလျှင် ဆရာတော်ဦးဝိစာရအား ထောင်တွင်းမှ အတင်းဆွဲထုတ်သွား၏။ အမှုကို
စစ်မေးသောအခါ `မတရားသောအစိုးရကို ငါဘာမျှမပြောလို´ ဟု တစုံတရာ ဘာမျှမပြောဘဲ နေခဲ့၏။
ထိုအခါ တရားသူကြီးက ဦးဝိစာရအား ပြစ်မှုထင်ရှားသည်ဆို၍ အလုပ်ကြမ်းနှင့်ထောင်ဒဏ် တစ်နှစ်နှင့်ကိုးလ
အပြစ်ပေးပြန်သည်။
အလုပ်ကြမ်းနှင့်ထောင်ဒဏ် တစ်နှစ်နှင့်ကိုးလအပြစ်ဒဏ်ချမှတ်ပြီးနောက်
ရန်ကုန်ထောင်သို့ ထိုနေ့ ပြန်ရောက်သောအခါ မိမိတို့ကိုယ်မိမိတို့ အင်မတန်ကြီးကျယ်မြင့်မြတ်ကာ
ယဉ်ကျေးပါသည်ဟူသော ဗြိတိသျှလူမျိုး ထောင်အရာရှိ သုံးလေးယောက်တို့သည် ဆရာတော်ဦးဝိစာရ၏သင်္ကန်းကို
အတင်းချွတ်၍ သာမန်လူအကျဉ်းသားတို့ဝတ်သော နံငယ်ပိတ်စကိုပြောင်းလဲဝတ်ဆင်ရန် ဦးဝိစာရအားပေး၏။
ဦးဝိစာရသည် မိမိသင်္ကန်းမရလျှင် ဆွမ်းမစားပဲနေအံ့ဟု ယတိပြတ်ခိုင်မာစွာ အဓိဋ္ဌာန်ပြု၍နေခဲ့ရာ
ခုနစ်ရက်ခန့်ကြာသောအခါ ထောင်အရာရှိတို့က နွားနို့ကို ဦးဝိစာရနှာခေါင်းမှ သွင်းပေးလေသည်။
သွင်းထားသော နွားနို့များကိုလည်း လက်မခံလို၍ အာခေါင်ထဲသို့ လက်ညိုးထိုး၍ အန်ပစ်တော်မူ၏။
ဤသို့ ဆွမ်းမစားပဲနေ၍ ရက်ပေါင်းလေးဆယ်ကြာသောအခါ သတိမရတော့သည့်အပြင် မေးခိုင်ပြီး မေ့မျော၍သွားလေသည်။
လူမဆန်သော အာဏာရှင်အစိုးရ၏ ဖိနှိပ်မှုအောက်မှာနေရခြင်းထက် ‘သေသော်မှသည် သြော်ကောင်း၏´
အာဇာနည်ပီပီ အသက်စွန့်ရခြင်းက အမြတ်ဆုံးတည်း။
ထိုသို့ သတိမရသောအခါ စိတ်နောက်နေ၍ ဆွမ်းမစားခြင်းဖြစ်သည်ဟုစွပ်စွဲကာ
၁၉၂၇ ခု နိုဝင်ဘာလ ၃၀ ရက်၊ မြန်မာသက္ကရာဇ် ၁၂၈၉ ခု နတ်တော်လဆန်း ၇ ရက်နေ့တွင် ရန်ကုန်ထောင်မှ
တံတားကလေး အရူးထောင်သို့ ပို့ပြန်၏။
သတိမရ မေ့မျော၍ ဝေဒနာခံစားနေရသော အရှင်ဦးဝိစာရအား
တံတားကလေးအရူးထောင်သို့ ပို့ပြီးနောက် တံတားကလေးထောင်အရာရှိများက စအိုမှ အစာသွင်းပြန်၏။
ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုး သန်းပေါင်းများစွာကိုသတ်ဖြတ်ခဲ့သော နာဇီဗိုလ်မှူးအိုက်ခမန်းထက်
ယုတ်မာရိုင်းစိုင်းရက်စက်သော လူတစ်စုသည် ဆရာတော်သတိရလာသောအခါ ‘ခွေးမသား ထမင်းစားပါလား´
ဟု ဆဲရေးပြီးလျှင် လူနာတင်ကုတင်ပေါ်တွင် ပက်လက်ထား၍ လက်နှင့်ခြေတို့ကို ခုနစ်ရက်တိတိ
ကြိုးဖြင့်တုတ်ထား၏။
ဘီလူး၊ သဘက်၊ ခွေးစိတ်ပေါက်နေသော ထောင်အရာရှိများသည်
ထိုခြောက်ရက်အတွင်း နေ့စဉ်လိုပင် ဦဝိစာရအား ရင်ဝကို ဖနောင့်ဖြင့်ပေါက်ခြင်း၊ လက်ဝါးဖြင့်
မျက်စိ၊ နာရင်း၊ နားထင်တို့ကို ရိုက်ကြသည်။ အရာရှိလူမျိုးခြား သူနာပြုဆရာမတို့ကလည်း
ပါးရိုက်ကြသည်။ ဆရာတော်အား အရူးများနှင့်အတူ ထားသဖြင့် မရူးတရူးများသည် ထောင်အာဏာပိုင်များ၏စေခိုင်းချက်အရ
ဆရာတော်ကို မစင်များနှင့် လာလူးကြသည်။ ထိုမျှမက အရူးများက ဝိုင်းရိုက်ကြသဖြင့် ကြီးစွာသောဒုက္ခကို
ခံစားနေရလေသည်။
ဤသို့သော ဘေးဒုက္ခဆိုးများကို ယနေ့ မျိုးဆက်သစ်လူငယ်မောင်မယ်များသည်
ခံစားတတ်ရမည်။ စဉ်းစားတတ်ရပေမည်။ အာဏာရှင်စနစ်အောက်မှ အာဏာပိုင်များ၏ ယုတ်မာရက်စက်ဆိုးဝါးခဲ့ခြင်းများကို
တော်လှန်ရဲသည့် ရဲစွမ်းသတ္တိရှိခြင်းကို မမေ့လျှော့အပ်။
ထိုနှစ် ဒီဇင်ဘာ ၈ ရက် နတ်တော်လပြည့်နေ့တွင်
သင်္ကန်းကိုပြန်ပေး၍ ဆွမ်းစား၏။ ဆွမ်းစား၍ ရက်အနည်းငယ်ရပြန်သော် တပို့တွဲလပြည့်ကျော်
၁၀ ရက်နေ့၊ ၁၉၂၈ ခု ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် သင်္ကန်းကို ပြန်ချွတ်ပြန်၏။ သင်္ကန်းပြန်ချွတ်လျှင်
အရှင်ဦးဝိစာရကိုယ်တော်ကြီးသည် ဆွမ်းမစားဘဲနေပြန်၏။
ထိုအခါ တံတားကလေးအရူးထောင်မှ ရန်ကုန်ထောင်သို့
ပြန်ပို့သည်။ တဖန် သင်္ကန်းပြန်ပေး၍ အိန္ဒိယပြည် ကာလကတ္တားသို့ သင်္ဘောဖြင့်ခေါ်သွားပြီးလျှင်
ဘင်္ဂလားပြည်နယ်၊ မေဒနီပူထောင်သို့ ပို့၏။ မေဒနီပူထောင်ပိုင်က သင်္ကန်းချွတ်ရမည်ဆိုပြန်သောအခါ
အရှင်ဦးဝိစာရက ‘မိမိသည် ဗုဒ္ဓဘာသာဘုန်းကြီး ဖြစ်ကြောင်း၊ ထောင်ဥပဒေအရ ဆစ်လူမျိုး၊ ဟိန္ဒူလူမျိုး၊
ဗရာမင်လူမျိုးများ ထောင်ကျလျှင် ၎င်းတို့၏ အယူဝါဒအရ ဆံပင်၊ မုတ်ဆိတ်မရိတ်ဘဲထားခွင့်ပြုသကဲ့သို့
ရဟန်းဝတ်ဖြစ်သောသင်္ကန်းကို ဝတ်ခွင့်ပြုသင့်သည်’ ဟုပြော၏။ ထိုအခါ ထောင်ပိုင်က ဆိုင်ရာသို့
စာရေး၍မေးဦးမည်ပြောပြီး ပြန်သွားသဖြင့် သင်္ကန်းနှင့်နေခွင့်ရခဲ့၏။ ထို့နောက် လွတ်ချိန်နီးသောကြောင့်
ကာလကတ္တားမှတဖန် ရန်ကုန်ထောင်သို့ ၁၂၉၀ ခု တပေါင်းလဆန်း ၇ ရက်၊ ၁၉၂၉ ခု ဖေဖော်ဝါရီ ၁၄
ရက်နေ့တွင် ပြန်ပို့ပြန်၏။ ရန်ကုန်ထောင်သို့ ပြန်ရောက်သောအခါ ထောင်လွတ်ရက်စေ့သဖြင့်
နံနက် ၅ နာရီ ၁၅ မိနစ်အချိန်တွင် ဆရာတော်ဦးဝိစာရအား ထောင်မှ လွှတ်လိုက်လေသည်။
ထောင်မှလွတ်မြောက်ပြီးနောက် စီရင်စုတိုင်းဆိုင်ရာအထူးအကျိုးဆောင်အဖွဲ့၏တည်ရာ
ကြည်ြ့မင်တိုင် ဥယျာဉ်တိုက်အတွင်းရေးမှူး ဦးကေတုဆရာတော်၏ကျောင်း၌ သီတင်းသုံး၏။
ဆရာတော် အရှင်ဦးဝိစာရကိုယ်တော်မြတ်ကြီးသည်
သာသနာတော်အရေး၊ နိုင်ငံတော်အရေးကို အဘယ်မျှ စိတ်အားထက်သန်သနည်းဆိုသော် ကိုယ်စိတ်နှစ်ပါး
ဤ၍ဤမျှ နှိပ်စက်ညှင်းပန်းခံရခြင်းကို ပညာရှိ
သူတော်ကောင်းများကဲ့သို့ မကြောက်မရွံ့ တုန်လှုပ်ခြင်းကင်းစွာ ရင်ဆိုင်ခဲ့ပြီး ခေတ်ဆိုးစနစ်ဆိုးကြီးကို
ဆက်လက်၍ တည်ငြိမ်စွာ တော်လှန်ခဲ့လေသည်။
ထောင်မှလွတ်ပြီး မကြာမြင့်မီ ဟံသာဝတီစီရင်စု
သုံးခွမြို့နယ်၊ ဖရုံကန်ရွာတွင်ကျင်းပသော ဟံသာဝတီခရိုင်၊ ခရိုင်ဝံသာနုအသင်းချုပ်နှစ်ပတ်လည်အစည်းအဝေးကပင့်၍
ကြွတော်မူပြီးလျှင် တရားဟောပြန်၏။
ထိုတရားပွဲတွင် ဒုတိယအကြိမ် ထောင်ကျစဉ်က
မိမိ၏သင်္ကန်းကိုချွတ်သဖြင့် အစာမစားခဲ့ပုံ၊ အစာမစားသဖြင့် အမျိုးမျိုးညှင်းပန်းပြီးလျှင်
အရူးထောင်သို့ပို့ခဲ့ပုံ၊ အရူးထောင်တွင် အရူးများနှင့်အတူထားပြီး ညှင်းဆဲပုံများကို
ဟောပြောတော်မူ၏။ သတင်းစာများတွင်လည်း ထည့်သွင်းဖော်ပြရန် ဆောင်းပါးများ ရေးသားပေးပို့ခဲ့ပါသည်။
တိုင်းပြည်သို့လည်း အရှင်ဦးဝိစာရကိုယ်တော်ကြီးကိုယ်တိုင် စာရွက်စာတမ်းများ ရေးသားဖြန့်ချိခဲ့၏။
အကျယ်တဝင့် ရေးသားထားသော ဦးဝိစာရ၏ကြေညာစာတမ်းကိုဖတ်ကြရသော ဝံသာနုအသင်းသူ အသင်းသားတို့မှာ
မျက်ရည်စက်လက်နှင့် နှုတ်ခမ်းကိုကိုက်မိသည်ထိ အာဏာရှင် ဗြိတိသျှအစိုးရကိုရွံ့မုန်းကာ
စိတ်နာကျဉ်းခဲ့ကြခြင်းနှင့်အတူ ကြောက်စိတ်များလွင့်ပျံကာ အမျိုးသားရေးစိတ်ဓါတ်တို့
တဖွားဖွား ပေါက်ဖွားလာခဲ့ကြတော့သည်။
ထို့နောက် ကျန်းမာရေး ချို့ယွင်းလာသဖြင့်
အိန္ဒိယသို့ ကြွရောက်ကုသမည့်ရက်တွင် သုံးခွမြို့နယ် ဖရုံကန်ရွာ၌ဟောပြောသောတရားပွဲသည်
အစိုးရကိုအကြည်ညိုပျက်စေသည်ဟု ၁၂၉၁ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ ၁၉၂၉ ခု နိုဝင်ဘာလ
၂၈ ရက်နေ့တွင် ရာဇသတ်ပုဒ်မ ၁၂၄(က)အရ အစိုးရက ဖမ်းပြန်၏။ ဖမ်းဆီးပြီးလျှင် ရန်ကုန်ထောင်ကြီး၌
ချုပ်နှောင်ထားရှိလေသည်။
ရန်ကုန်ထောင်၌ ချုပ်နှောင်နေရစဉ် ဥပုသ်ပြုခွင့်ကိုတောင်းရာ
တောင်းဆိုချက်အတိုင်းမရ၍ အချုပ်ဘဝနှင့်ပင် ဆွမ်းမစားဘဲ နေခဲ့ပြန်သည်။ ရက် ၂ဝ ကျော်သော်အခါ
အိပ်ရာထက်တွင် လဲနေပြီးလျှင် အလွန်ပိန်ချုံးလျက်ရှိ၏။ ဤနည်းဖြင့် ဆက်လက်၍ ဆွမ်းမစားဘဲနေခဲ့ပြန်ရာ
၈၁ ရက်မြောက်နေ့တွင် စကားကိုပင် ကောင်းစွာမပြောနိုင်သောအခြေသို့ ရောက်ရှိသွားလေ၏။ ဆရာတော်မှာ
သတိမရတချက် ရတချက်နှင့် မောဟိုက်ပြီး ပင့်သက်ရှူနေရရှာ၏။ သို့ရာတွင် တိရိစ္ဆာန်ထက်ဆိုးဝါးသော
အာဏာရှင်အစိုးရက ထောင်တွင်းသို့ ဟံသာဝတီစက်ရှင် တရားသူကြီးကိုစေလွှတ်၍ အမှုကို စစ်ဆေးစေပြန်၏။
အရှင်ဦးဝိစာရက ဘာမျှမပြောနိုင်ကြောင်း လက်ကိုသာအနိုင်နိုင် အထက်သို့ အနည်းငယ်မ၍ ခါပြနိုင်တော့၏။
ဤသို့ အမှုကိုစစ်ဆေး၍ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပါဘဲနှင့်ပင်လျှင် ပြစ်မှုထင်ရှားသည်ဆို၍
ထိုနေ့၌ပင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ခြောက်နှစ် အပြစ်ပေးခံရလေသည်။
ထောင်ဒဏ်အမိန့်ပေးပြီးသည်နှင့်တပြိုင်နက်
သက်ဆိုင်ရာ ထောင်အာဏာပိုင်များသည် အရှင်ဦးဝိစာရ ဝတ်ရုံလျက်ရှိသောသင်္ကန်းကို အတင်းချွတ်၍
လူထောင်သားတို့ဝတ်လေ့ရှိသော နံငယ်ကျားနှင့် အင်္ကျီကျားကို ပက်လက်ဖြစ်နေသော ဆရာတော်ကိုယ်ပေါ်တွင်
ဖုံးလွှမ်းထားခဲ့ပြီးလျှင် လူသတ်သမားတို့ကိုထားသော ကြိုးတိုက်တွင်းသို့ သွတ်သွင်းထားတော့၏။
ဤသို့ဤပုံ ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသော လူပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့သည် ခေတ်အဆက်ဆက်
အာဏာရှင်၊ အာဏာပိုင်များ၏လက်ပါးစေများကြောင့် မိမိတို့၏လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာများကို
စတေးခဲ့ကြသည်။
အကြောက်လွန်၍သွေးပျက်ကာ သွေးကြောင်နေကြသော
ပြည်သူလူထုတရပ်လုံး၏ အိပ်မောကျနေသော အမျိုးသားရေးစိတ်ဓါတ်ကို လွယ်လွယ်ကူကူ လှုပ်ခပ်နှိုးထ၍မရနိုင်ချေ။
မြန်မာ့သွေးဟူသည်ကား အစဉ်ထာဝရ နီရဲလေစွ။ မြန်မာတို့၏ရာဇဝင်တလျှောက် ရဲသောသွေးသာရှိ၏။
သို့ရာတွင် လူမဆန်သော မတရားဖိနှိပ်အုပ်ချုပ်သော အာဏာရှင်စနစ်ဆိုးအောက်၌မူ မြန်မာတို့၏သွေးသည်
မရဲတော့၊ ကြဲတောက်တောက်နှင့် အကျင့်စာရိတ္တပါ ပျက်ဆီးယိုယွင်း၍ လာရတော့ပေသည်။ ဤသို့သော
အခြေအနေ အချိန်အခါဆိုးဝယ် ကံကောင်းထောက်မစွာ ဆရာတော်အရှင်ဦးဝိစာရသည် လောကဇတ်ခုံဝယ်
သူ၏ ပတ်ဝန်းကျင်အခြေအနေကိုကယ်တင်ရန် ဆင်ချင်သုံးသပ်ရာ ‘ဉာတတ္ထစရိယာ’ တည်းဟူသော ကိုယ့်အမျိုးသားများအား
ဆင်းရဲတွင်းနစ်မွန်းနေရာမှ ကိုယ်ကျိုးစွန့်အနစ်နာခံပြီးရင်းခံလျက် ထောင်မိန့်ပေးပြီးနောက်
ဦးဝိစာရသည် ဆက်လက်၍ ဆွမ်းမဘုဉ်းပေးဘဲနေသောကြောင့် နောက်ရက်မကြာမီတွင် ပျံလွန်လိမ့်မည်ထင်ရကြောင်းကို
သတင်းစာများက ရေးသားဖော်ပြကြ၏။
သတင်းစာများ၏ ဖော်ပြချက်အရ ရဟန်းရှင်လူတို့သည်
၁၂၉၁ ခု ဝါခေါင်လဆုတ် ၆ ရက်၊ ၁၉၂၉ ခု သြဂုတ်လ ၂၅ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့လုံးကျွတ်အစည်းအဝေးကြီးကိုကျင်းပ၍
အရှင်ဦးဝိစာရ၏ သင်္ကန်းဝတ်ရုံခွင့် ဥပုသ်ပြုခွင့်တောင်းခြင်းသည် ဝိနည်းတော်နှင့်အညီဖြစ်သဖြင့်
အာဏာရှင်ဗြိတိသျှ လက်ပါးစေ အာဏာပိုင်အစိုးရကလိုက်လျောသင့်ကြောင်း ဆုံးဖြတ်ကြ၏။
ထို့နောက် မြို့လုံးကျွတ်အစည်းအဝေးကြီးမှ
လွှဲအပ်ခြင်းခံရသော အလယ်တောရဆရာတော်အမှူးရှိသော ဆရာတော်များသည် ပြည်ထဲရေးဝန်ကြီး ဆြာဂျေအေမောင်ကြီးနှင့်တွေ့ဆုံ၍
အရှင်ဦးဝိစာရ၏ တောင်းဆိုချက်များကိုခွင့်ပြုသင့်ကြောင်း မိန့်ကြား၍ ရဟန်းတော်များ၏ဝိနည်းတရားအရ
သင်္ကန်းဝတ်ရုံခွင့် ဥပုသ်ပြုခွင့်ပေးသင့်ကြောင်း မေတ္တာရပ်ခံ၏။ ပြည်ထဲရေးဝန်ကြီးသည် ဗုဒ္ဓဘာသာမြန်မာလူမျိုးတစ်ဦး
ဖြစ်သော်လည်း ရာထူး၊ ဂုဏ်၊ ငွေနှင့်အာဏာကို ရူးသွပ်သူတစ်ဦးဖြစ်ခဲ့ခြင်းကြောင့် ဆရာတော်များ၏
စကားတို့သည် မအောင်မြင်တော့ချေ။
ခရိုင်အသင်းချုပ်၊ မြို့နယ်အသင်းချုပ်၊
တိုက်နယ်အသင်းချုပ်နှင့် သံဃသမဂ္ဂီအဖွဲ့များကလည်း အရှင်ဦးဝိစာရ၏တောင်းဆိုချက်များကို
လိုက်လျောသင့်ကြောင်း စည်းဝေးဆုံးဖြတ်ကြ၍ ဆိုင်ရာ ဂျီစီဘီအေအဖွဲ့ချုပ်ကြီးသို့လည်းကောင်း
အစိုးရထံသို့လည်းကောင်း သတင်းစာတိုက်များသို့လည်းကောင်း ပေးပို့ကြသလို အာဏာရှင်နယ်ချဲ့
ဗြိတိသျှအစိုးရဘက်ကလည်း မန္တလေးမြို့ သုဓမ္မာအဖွဲ့ဝင် ဆရာတော်ကြီးများ၏ဆုံးဖြတ်ချက်ဟူ၍တစ်မျိုး
ဖိအားပေးပုံမှာ ရဟန်းတော်များသည် မိမိကိုယ်ကို မသေသေအောင်မပြုထိုက် အစာငတ်မခံသင့်ကြောင်းများကို
အကျယ်ပုံနှိပ်၍ သတင်းစာတိုက် စသည်များသို့ ဝေငှ၏။
ဤနည်းဖြင့် အစိုးရကလည်း မလိုက်လျောဘဲ
တင်းမာနေခိုက်တွင် အရှင်ဦးဝိစာရမှာလည်း အလွန် ပင်ပန်းလျက်နှင့်ပင် တရားနှလုံးသွင်း၍
အစာကိုလုံးဝလက်မခံ အတင်းသွင်းသော နွားနို့စသည်တို့ကို အန်ထုတ်၍ပစ်၏။ အန်ပြီးလျှင် မေ့မျော၍သေငယ်ဇောဖြင့်
မောပန်းသောဝေဒနာကို ကြိတ်မှိတ်သည်းခံခါ လောကဓံကို ဖြစ်ပျက်တရားနှင့်နှလုံးသွင်းလျက်
ရင်ဆိုင်နေရတော့လေသည်။
အရှင်ဦးဝိစာရသည် ဆွမ်းနှင့်အာဟာရကို
လုံးဝမဘုဉ်းပေးဘဲနေခဲ့သည်မှာ ရက်ပေါင်း ၁၄၀ ခန့်ရှိနေပြီးလျှင် အလွန်ပင်ပန်းတော်မူလျှက်ရှိပြီဟု
ကြားသိရသောအခါ စီရင်စုတိုင်းဆိုင်ရာ အထူးအကျိုးဆောင် သံဃအဖွဲ့၏အတွင်းရေးမှူး ကြည့်မြင်တိုင်ဥယျာဉ်တိုက်
တွံတေးကျောင်းဦးကေတုနှင့် ဦးစိုးသိမ်း၊ ဂျီစီဘီအေရုံးအုပ် အာလံဦးလာဘတို့သည် အစိုးရ၏ခွင့်ပြုချက်အရ
၁၉၂၉ ခု သြဂုတ်လ ၂၅ ရက် မြန်မာသက္ကရာဇ် ၁၂၉၁ ခု ဝါခေါင်လဆုတ် ၆ ရက်နေ့တွင် ရန်ကုန်ထောင်ထဲတွင်ရှိ
အရှင်ဦးဝိစာရအား သွားရောက်တွေ့ဆုံကြသည်။
ယခင် ပြည့်ဖြိုးသောမျက်နှာနှင့် ကောင်းစွာတောင့်တင်းမြင့်မားသော
ကိုယ်ကာယတို့မှာ လုံးဝပြောင်းလဲသွားရာ အရိုးပေါ်အရေတင်လျက်သာ ကြေကွဲဘွယ်တွေ့ရှိရပါသည်။
လေရှုရှိုက်သောအခါ ပြားချပ်နေသောဝမ်းဗိုက်မှာ ဖိုလှိုက်ဖိုလှိုက်ဖြစ်နေလေသည်။ အသံပြုသောအခါ
လက်တစ်နှိုက်စာမျှ ချိုင့်ဝင်နေသောမျက်လုံးအိမ်ကို အနိုင်နိုင်ဖွင့်၍ကြည့်ပြီး အားယူ၍
လေသံဖြင့် မိန့်ဟတော်မူသည်မှာ -
‘မျက်မှန် ... အလှူခံ ... ပါ ...။ သဗ္ဗ
... အာပတ္တိ ... ဟော ... အာရော ... စယာမိ ...။ တိုင်းပြည်ကို ... လိမ္မာ ... ကြပါလို့
မှာလိုက်ပါတယ် ...´ ဟုမိန့်ကြား၍ စကား ဆက်လက်မပြောနိုင်တော့ဘဲ မျက်ဖြူလန်၍ မောနေရှာလေသည်။
ဦးကေတုနှင့် ဦးလာဘတို့သည် ဆရာတော်အား ၁၀ မိနစ်မျှစောင့်ကြည့်၍ ထောင်မှ ပြန်ခဲ့ရ၏။
ထို့နောက် စီရင်စုတိုင်းဆိုင်ရာ အထူးအကျိုးဆောင်သံဃအဖွဲ့
အမှုဆောင်အစည်းအဝေးကို အမြန်ဆုံး ခေါ်ဆိုကျင်းပ၏။ ထိုအစည်းအဝေးမှ အရှင်ဦးဝိစာရသည် သေလုနီးပါး
မျောမေ့နေပြီဖြစ်၍ တောင်းဆိုထားသော (၁) သင်္ကန်းဝတ်ရုံခွင့် (၂) ဥပုသ်ပြုခွင့်တို့ကို
ခွင့်ပြုသင့်ကြောင်းများကို အစိုးရအား တိုက်တွန်းကြောင်းနှင့် အစိုးရကခွင့်မပြု၍ အရှင်ဦးဝိစာရ
ပျံလွန်တော်မူခဲ့လျှင် စီရင်စုတိုင်းဆိုင်ရာ အထူး အကျိုးဆောင်အဖွဲ့ဝင် သံဃာများအားလုံးသည်
ထောင်ထဲဝင်ရောက်ပြီးလျှင် အရှင်ဦးဝိစာရလမ်းစဉ်အတိုင်း ဆောင်ရွက်တော်မူကြမည်ဟု ဆုံးဖြတ်၏။
ထိုဆုံးဖြတ်ချက်များကို အစိုးရထံသို့လည်း ပေးပို့အကြောင်းကြား၏။
အရှင်ဦးဝိစာရ၏တောင်းဆိုချက်များသည် ဘာသာရေးဝိနည်းတော်အရ
တရားသဖြင့် တောင်းဆိုချက်များဖြစ်၍ အစိုးရကလိုက်လျောသင့်ကြောင်း အမြို့မြို့သံဃအဖွဲ့ဝင်များက
စည်းဝေးဆုံးဖြတ်တော်မူကြ၍ နေ့စဉ်နှင့်အမျှ စောင်ရေပေါင်းမြောက်များစွာသော ကြေးနန်းစာများကို
အစိုးရအဖွဲ့သို့ ပေးပို့အကြောင်းကြားတော်မူ၏။
ကိုလိုနီနယ်ချဲ့ ဗြိတိသျှအစိုးရဟူသည်
အယူဝါဒကွဲပြားနေသော ဒိဌိများသာဖြစ်၍ ဗုဒ္ဓဘာသာကို စော်ကားခြင်းသည် သည်းခံ၍ရသော်လည်း
ဗြိတိသျှလက်ပါးစေ ဒိုင်အာခီအစိုးရမူကား ဗုဒ္ဓဘာသာ ဗမာလူမျိုး ဖြစ်သော်ငြားလည်း ဘဝကောင်းစားရေးကိုသာ
သိသောသူများဖြစ်သည့်အတွက် တစ်နိုင်ငံလုံးရှိ သံဃအဖွဲ့များနှင့် အသင်းချုပ်များက ဆုံးဖြတ်တောင်းဆိုကြသည်ကို
လုံးဝလိုက်လျောခြင်းမပြုဘဲ တင်းမာမြဲတင်းမာကာ အဝီဇိဂျိုးကပ်ခံနေကြသောကြောင့် ၁၉၂၉ ခု
စက်တင်ဘာလ ၁၀ ရက်၊ မြန်မာသက္ကရာဇ် ၁၂၉၁ ခု တော်သလင်းလဆုတ်
၂ ရက်နေ့တွင် အရှင်ဦးဝိစာရသည် ထောင်ထဲ၌ ပျံလွန်တော်မူလေတော့သည်။
အရှင်ဦးဝိစာရသည် ၁၉၂၉ ခုနှစ်တွင် ပျံလွန်တော်မူခဲ့၍
ထိုအချိန်သည် ဗိုလ်ချုပ်အောင်ဆန်း၏ အသက် ၁၄ နှစ်သာ ရှိသေး၏။ သို့ရာတွင် ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်တလျှောက်
လူငယ်မောင်မယ်အပေါင်း၏ အမျိုးသားရေးစိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်တို့ကို အရှင်ဦးဝိစာရသည်
အစွမ်းကုန် လှုပ်ခပ်နိုးထစေခဲ့ပါတော့သည်။


No comments:
Post a Comment