Sunday, October 27, 2013

သွေးနီဥကျေပျက်ရောဂါခံစားနေရသောကလေးငယ်အတွက် ခွဲစိတ်ကုသစရိတ် လှူဒါန်းခြင်း

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် အေးရွာတဲစုပိုင်းတွင်နေထိုင်သူ အသက် ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးမှာ အချိန်မတိုင်မီ သွေးနီဥကျေပျက်ရောဂါ (Thalasammia) ခံစားနေရမှုကြောင့် အဆမတန်ကြီးမားနေသောသရက်ရွက်ကို ခွဲစိတ်ကုသရန်အတွက်  
ဦးဟန်နီလှိုင် ဦးစီးသော ပရဟိတတံဆိပ်ရိုက်လုပ်ငန်းမှလူငယ်လေးများက ငွေကျပ် ၁၁၇,၀၀၀ ကျပ် (စာဖြင့် တစ်သိန်းတစ်သောင်းခုနှစ်ထောင်ကျပ်တိတိ) ကို လှူဒါန်းပါသည်။ 



နတ်လူ သာဓုခေါ်စေသော်။

အဆိုပါကလေး၏ ဆေးကုသစရိတ် ထောက်ပံ့လိုသူများအနေနှင့် ဦးခင်ပေါ် - ဖုန်း ၀၉ ၄၉ ၄၄၂ ၄၅၂၊ ၀၉ ၄၅၈၀ ၂၅၁၄၁၊ ၀၉ ၄၂၈ ၂၀၄ ၂၃၈ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း မေတ္တာဦးအခမဲ့ကုသိုလ်ဖြစ်ဆေးခန်း အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။


The Voice Weekly Journal ပါ သတင်းအပြည့်အစုံကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။

သွေးနီဥ ကျေပျက်ရောဂါ ခံစားနေရသော ကလေးငယ် ခွဲစိတ်ကုသစရိတ် လိုအပ်

ညောင်လေးပင်၊ အောက်တိုဘာ ၁၄



လိုအပ်ချက်ရှိနေသူကို လှူဒါန်းခြင်းက မွန်မြတ်သည်


ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် အေးရွာတဲစုပိုင်းတွင်နေထိုင်သူ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ အချိန်မတိုင်မီ သွေးနီဥကျေပျက်ရောဂါ (Thalasammia) ခံစားနေရမှုကြောင့် အဆမတန် ကြီးမားနေသော သရက်ရွက်ကို ခွဲစိတ်ကုသရန်အတွက် ကုသစရိတ် လိုအပ်လျက် ရှိကြောင်း အဆိုပါကလေးကို လိုက်လံကူညီ ဆောင်ရွက်ပေးသူ ဒိုက်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးရွှေက ပြောကြားသည်။

အသက် ၁၃ နှစ်အရွယ် ကလေးငယ်မှာ ရောဂါဝေဒနာကြောင့် ဝမ်းဗိုက်မှာ ကြီးထွားလာပြီး ဝမ်းတွင်း၌ အလွန်ပူပြင်းသော ဝေဒနာကြောင့် ဝမ်းဗိုက်ကို မကြာခဏ ရေလောင်းပေးရကာ တစ်လ (သို့မဟုတ်) နှစ်လလျှင် တစ်ကြိမ်ခန့် လိုအပ်သလို သွေးသွင်းကုသမှု ခံယူရကြောင်း ၎င်း၏မိခင် ဒေါ်ဌေးမြင့်က ပြောကြားသည်။

အဆိုပါ ကလေးငယ်သည် အောက်တိုဘာလ ၆ ရက်နေ့မှစ၍ ဒိုက်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ဒိုက်ဦးမြို့နယ်မှ မေတ္တာဦး အခမဲ့ကုသိုလ်ဖြစ် ဆေးခန်း၊ စေတနာရှင် သွေးလှူရှင် လူငယ်အဖွဲ့တို့က တတ်စွမ်းသမျှ ကူညီပေးလျက် ရှိကြောင်း၊ ကလေး၏ မိဘများသည် ဆင်းရဲနွမ်းပါးသော တောင်သူလယ်သမားများ ဖြစ်သောကြောင့် ခွဲစိတ်ကုသရန် ငွေကြေး အကူအညီ လိုအပ်လျက် ရှိကြောင်း အဆိုပါ အသင်းများထံမှ သိရှိရသည်။
“ကလေးက သရက်ရွက်ကြီးနေတော့ ဒါကိုခွဲထုတ်လိုက်ရင် အစားလည်း လွတ်လွတ်လပ်လပ် စားလို့ရမယ်။ နေရထိုင်ရတာလည်း ပေါ့ပါးသွားမယ်။ သွေးလိုအပ်ချက် ကတော့ ခွဲပြီးရင်တောင် ရှိနေမှာပဲ” ဟု ဒိုက်ဦးမြို့နယ် မေတ္တာဦး အခမဲ့ ဆေးကုခန်းမှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။

အဆိုပါ ကလေး၏ ဆေးကုသစရိတ် ထောက်ပံ့လိုသူများ အနေနှင့် ဖုန်း ၀၉ ၄၉၄၄၂၄၅၂၊ ၀၉၄၅၈၀၂၅၁၄၁၊ ၀၉ ၄၂၈ ၂၀၄၂၃၈ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း မေတ္တာဦးအခမဲ့ ကုသိုလ်ဖြစ်ဆေးခန်း အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရှိရသည်။


October 15, 2013 (Vol. 1, No. 163)

No comments:

Post a Comment